နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား



ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကို ပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်

 

နေပြည်တော် ဩဂုတ် ၂၅

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော် သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

 

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ က ဗီဒီယိုကွန်ဖရင့်ဖြင့် တက်ရောက်ကြသည်။

 

ပြည်ပခရီးစဉ်များ သွားရောက်နိုင်ခြင်းအားဖြင့် နိုင်ငံတကာသံတမန်ရေးရာနှင့် နိုင်ငံအချင်းချင်း ချစ်ကြည် ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု၊ ပူးပေါင်း ဆောင်ရွက်မှုတို့တွင် ဘက်စုံကဏ္ဍစုံ၌ ပိုမိုခိုင်မာအားကောင်းစေမည်

ဦးစွာ နိုင်ငံတော်သမ္မတက အဖွင့်အမှာစကား ပြောကြားရာတွင် မိမိအနေဖြင့် ဩဂုတ်လအတွင်း ထိုင်းနိုင်ငံ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့သို့ အဆိုပါနိုင်ငံများမှ အကြီးအကဲများ၏ ဖိတ်ကြားချက်များအရ သွားရောက်ခဲ့ကြောင်း၊ ပထမဦးစွာ ထိုင်းနိုင်ငံသို့ သွားရောက်သည့်ခရီးစဉ်အတွင်း နှစ်နိုင်ငံနှင့်နှစ်နိုင်ငံတပ်မတော် နှစ်ရပ် အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံမှုများ ပိုမိုတိုးတက်ခိုင်မာလာစေရေးနှင့် ဘက်ပေါင်းစုံပူးပေါင်း ဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ လုံခြုံတည်ငြိမ် အေးချမ်းရေးနှင့် ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာများ၊ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာများနှင့်ပတ်သက်၍ ကျယ်ကျယ် ပြန့်ပြန့်ဆွေးနွေးနိုင်ခဲ့ကြောင်း၊ ထို့ပြင် ထိုင်းနိုင်ငံသို့ အကြောင်း အမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများ၊ ရွှေ့ပြောင်းလုပ်သားများနှင့် ပတ်သက်၍လည်း ၎င်းတို့သည် မြန်မာနိုင်ငံသားများပင် ဖြစ်သည့်အတွက် ၎င်းတို့ဘေးကင်း လုံခြုံရေးနှင့် အလုပ်သမားအခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ နှစ်နိုင်ငံဥပဒေများနှင့်အညီ အကာအကွယ်ပေးနိုင် ရေး ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံ အမျိုးသား လွှတ်တော်ယာယီဥက္ကဋ္ဌတို့နှင့် တွေ့ဆုံစဉ် အလေး အနက်ထား ထည့်သွင်းဆွေးနွေးနိုင်ခဲ့ကြောင်း။

မကြာသေးမီ ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် ဘယ်လာရုစ် သမ္မတနိုင်ငံတို့သို့ ခရီးစဉ်များတွင်လည်း ချစ်ကြည်ရင်းနှီးမှုနှင့် ကူးလူးဆက်ဆံမှုတိုးမြှင့်နိုင်ရေး၊ စီးပွား ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေး၊ ပညာရေးနှင့် လျှပ်စစ်စွမ်းအင်ကဏ္ဍ၊ သိပ္ပံနှင့် နည်းပညာ ကဏ္ဍ၊ အာကာသနည်းပညာနှင့် ကာကွယ်ရေး၊ စက်မှု လက်မှု ကဏ္ဍများအပါအဝင် နယ်ပယ်စုံ ကဏ္ဍစုံမှ အောင်မြင်သည့် ဆွေးနွေးမှုရလဒ်များ ထွက်ပေါ်လာအောင် ဆွေးနွေးဆောင်ရွက် နိုင်ခဲ့ကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် အိမ်နီးချင်းနိုင်ငံများ၏ ပထဝီနိုင်ငံရေးအရ အရေးပါမှုနှင့် အဓိကကျသည့် ကုန်သွယ်ရေး အချက်အချာဆက်သွယ်ရေး လမ်းကြောင်းများကိုလည်း သိရှိထားကြရန်လိုကြောင်း၊ ဒေသတွင်းမိတ်ဖက်နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများ၏ အားသာချက်များနှင့် မိမိတို့နိုင်ငံ၏ အားသာချက်များကိုပေါင်းစပ်၍ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားကို ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဒေသတွင်း မိတ်ဖက် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များ သွားရောက်ခြင်းအားဖြင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ကူးလူးဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ တွင် ဘက်စုံကဏ္ဍစုံ၌ အားကောင်း ခိုင်မာစေမည်ဖြစ်ပြီး မြင်တွေ့လေ့လာခဲ့ရသည့် ၎င်းတို့နိုင်ငံများ၏ အားသာချက်များ၊ ကောင်းမွန်သည့်အချက်များကို မိမိတို့အနေဖြင့် လေ့လာဆန်းစစ်အသုံးချဆောင်ရွက် သွားကြရမည် ဖြစ်ကြောင်း။

 

နိုင်ငံ့စီးပွားနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေး အမှန်တကယ် အလုပ် လုပ်ကြရန်လို

နိုင်ငံတော်တွင် ခေတ်အဆက်ဆက်က ဖြစ်ပေါ်ခဲ့သည့် ပဋိပက္ခများကို ပြန်ပြောင်းလေ့လာကြည့်မည် ဆိုပါက စီးပွားရေးကျဆင်းမှုကို အဓိကအခြေခံ၍ ဖြစ်ပေါ်ခဲ့ရခြင်း ဖြစ်သည်ကို သမိုင်းမှတ်တမ်း များတွင် တွေ့မြင်နိုင်ကြောင်း၊ သို့ဖြစ်၍ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး နှင့် ပြည်နယ်အလိုက် တာဝန်ရှိသူများအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်လျက်ရှိသည့် ပကတိအခြေ အနေမှန်များကို မှန်မှန်ကန်ကန်ဖြင့် တင်ပြကြရန် လိုကြောင်း၊ တင်ပြသည့် ကိန်းဂဏန်း အချက်အလက် များကို အခြေခံတွက်ချက်၍ နိုင်ငံစီးပွားတိုးတက်မှု ရှိစေရေးစီမံချက်များ၊ စီမံကိန်းများ ရေးဆွဲအကောင် အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် မြေပြင်ပကတိအခြေအနေမှန်နှင့် ကိန်းဂဏန်း အချက်အလက်များ မှန်ကန်မှုရှိစေရေး စနစ်တကျ စိစစ်တင်ပြကြရန် လိုကြောင်း။

 

ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းအနေဖြင့် စီးပွားရေးအား ကောင်းမွန်မှုရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြပြီး မိမိတို့အနေဖြင့်လည်း ရနိုင်သမျှသော စွမ်းအားများနှင့် အခွင့်အလမ်းများကို အသုံးချပြီး စီးပွားရေးအား ကောင်းမွန်အောင် ကြိုးပမ်းဆောင် ရွက်လျက်ရှိနေကြောင်း၊ သို့သော်လည်း မိမိတို့နိုင်ငံ အပေါ် အချို့နိုင်ငံများအနေဖြင့် စီးပွားရေးအရနှင့် နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေသောကြောင့် ထိုက်သင့် သလောက် တိုးတက်မှုမရရှိဘဲ နှောင့်နှေးနေရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုများကိုမြှင့်တင်၍ ပို့ကုန်ကဏ္ဍ မြှင့်တင်ပြီး နိုင်ငံ့စီးပွားရေး တိုးတက် အောင်မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ပြည်တွင်းရှိ ကုန်ကြမ်းပစ္စည်းများကို အဓိကအသုံးပြုထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်ငန်းများကို အားပေး ဆောင်ရွက်သွားကြရမည် ဖြစ်ပြီး သွင်းကုန်အစားထိုး ထုတ်ကုန်များ ထုတ်လုပ်နိုင်ရမည်ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်များ တိုးမြင့်ရရှိ လာစေရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွား ကြရမည် ဖြစ်ကြောင်း။

 

ပြည့်အင်အားသည့် ပြည်တွင်းမှာသာရှိသည် ဟူသည့်အတိုင်း ပြည်ပမှ ထောက်ပံ့ငွေများ၊ ချေးငွေ များကို မိမိတို့အနေဖြင့် အားကိုးနေ၍ ရမည်မဟုတ်ဘဲ ပြည်တွင်း၌ ရှိသမျှသောစွမ်းအားများဖြင့် ပြည်တွင်း ကုန်ထုတ်လုပ်မှုကိုအားပေးကာ နိုင်ငံ့စီးပွားတိုး တက်လာအောင် ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အတွက်လည်း မိမိတို့နိုင်ငံတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ရေခံမြေခံ ကောင်းများ၊ အခြေခံ ကောင်းများကို ပိုင်ဆိုင်ထားရှိပြီးဖြစ်ကြောင်း၊ အဓိကလိုအပ်နေသည်မှာအမှန်တကယ် အလုပ် လုပ်ကြရန်နှင့် ပြည်ထောင်စုတိုင်းရင်းသားအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့်တည်ငြိမ် အေးချမ်းမှုကို ဖော်ဆောင်ကြရန်သာဖြစ်ကြောင်း၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများ အနေဖြင့်လည်း စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကုန်ထုတ်လုပ်ငန်းများ တိုးတက်လာစေရေး အလေးထား ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း၊ ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း မြေပေါ် မြေအောက်သယံဇာတနှင့် တွင်းထွက်ပစ္စည်းများ ထုတ်ယူဆောင်ရွက်ခြင်းထက် ပြန်လည်ဖြည့်တင်း ဆောင်ရွက်နိုင်သည့် စိုက်ပျိုးမွေးမြူရေးကို အခြေခံသော ကုန်ထုတ်လုပ်ငန်းများကိုသာ အောင်မြင်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း။

 

ပြည်ပပို့ကုန်များ တိုးမြှင့်ရရှိနိုင်ရေး ဆောင်ရွက်ရာတွင် မြန်မာ့ပေါ်ဆန်းမွှေးစပါးကို တစ်ခေတ် ပြန်လည် ဆန်းသစ်နိုင်ရေး၊ ဈေးကွက်ပြန်လည်ရရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ မြေကိုအကျိုးရှိရှိ အသုံးချသွားကြရန်နှင့် တစ်ဧကအထွက်နှုန်းများ ကောင်းမွန်အောင် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း၊ “ဥစ္စာရင်လို ဥစ္စာရင်ခဲ” ဟူသည့် အတိုင်းမိမိတို့သက်ဆိုင်ရာ ကဏ္ဍများအလိုက်လုပ်ငန်းများ အောင်မြင်မှုရှိစေရေး နည်းလမ်းရှာ၍ ကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရေး တို့အတွက် လုပ်ချင်ကိုင်ချင်စိတ် အပြည့်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြရန် လိုကြောင်း။

 

ထိုကဲ့သို့ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အသိပညာ အတတ်ပညာနှင့် ပြည့်စုံသည့် လူသားအရင်းအမြစ် ကောင်းများ ရရှိရေးသည် မဖြစ်မနေလိုအပ်ချက် တစ်ခုပင်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၌ ၁၉၇၃ ခုနှစ်တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းအရ အတန်းပညာမရှိသူမှာ မိမိတို့ နိုင်ငံ၏ လူဦးရေ၏ ၅၈ ဒသမ ၁၈ ရာခိုင်နှုန်း၊ ၁၉၈၃ ခုနှစ်တွင် ၄၁ ဒသမ ၀၉ ရာခိုင်နှုန်း၊ ၂၀၁၄ ခုနှစ်တွင် ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ ၂၀၂၄ ခုနှစ်တွင် ၅ ဒသမ ၆၇ ရာခိုင်နှုန်းဖြစ်သည်ကို တွေ့ရှိရကြောင်း၊ အဆိုပါအခြေအနေကိုကြည့်ခြင်း အားဖြင့် မိမိတို့နိုင်ငံ၏ ပညာရေးမှာ ထိုက်သင့်သလောက် တိုးတက်လာသည်ကို တွေ့ရကြောင်း၊ ပညာတတ်လူသားအရင်းအမြစ် များ ပေါများလာမှသာ တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့် အနာဂတ် နိုင်ငံတော်ကို ပုံဖော်တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိမိတို့အနေဖြင့် ပညာရေးကို နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အားပေးမြှင့်တင်လျက်ရှိပြီး သင်ကြားရေးဆိုင်ရာ တာဝန်ရှိသူများအား ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခြင်း၊ ကျောင်းများအားလုံး စံကိုက်ကျောင်းများ ဖြစ်စေရေးမှအစ လိုအပ်သည့်အခြေခံ သင်ထောက်ကူ ပစ္စည်းများ ပြည့်စုံမှုရှိစေရေးအတွက်လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း။

 

စိုက်ပျိုးမွေးမြူရေးကို အဓိကဆောင်ရွက်သည့် နိုင်ငံတစ်ခုဖြစ်သည့်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေး ဆိုင်ရာ ပညာရှင်များ မွေးထုတ်ပေးနိုင်ရေး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအခြေခံ အထက်တန်း ကျောင်းများ၊ စိုက်ပျိုးမွေးမြူရေးသိပ္ပံများ၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးတက္ကသိုလ်များကိုလည်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များနှင့်ပတ်သက်၍ အိမ်နီးချင်း နိုင်ငံများနှင့် ဒေသတွင်း နိုင်ငံများ၌ ဈေးကွက်လိုအပ်ချက်များစွာ ရှိပြီးဖြစ်သဖြင့် အဆိုပါဈေးကွက် လိုအပ်ချက်ကို ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို များစွာအထောက်အကူ ဖြစ်လာစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့်စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အောင်မြင်မှုရှိစေရေး ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များ အနေဖြင့် အလေးအနက်ထား ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း။

 

စိုက်ပျိုးရေးလုပ်ငန်းတွင် ဝါစိုက်ပျိုးရေးလုပ်ငန်း နှင့်ပတ်သက်၍ ဝါစိုက်ပျိုးခြင်း၊ ဝါမှဝါဂွမ်း၊ ဝါဂွမ်းမှ ချည်မျှင်ကို ထုတ်လုပ်ကြခြင်းဖြစ်ပြီး လူတို့၏ဘဝတွင် အဝတ်အထည်သည် မွေးစမှသေဆုံးသည်အထိ နေ့စဉ်အသုံးပြုနေရသည်ဖြစ်သဖြင့် ဝါသည်အရေးကြီး သည့် အခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ဝါသည် နိုင်ငံတော်အတွက် အရေးကြီးသည့် စိုက်ပျိုးရေးထုတ်ကုန်တစ်ခုဖြစ်ပြီး ဝါမှတစ်ဆင့် စက်မှု လုပ်ငန်းများကို ဆက်စပ်ဆောင်ရွက်နိုင်သည် ဖြစ်သဖြင့် အမှန်တကယ် အကျိုးရှိသည့် လုပ်ငန်းဖြစ်ကြောင်း၊ သို့ဖြစ်၍ ဝါစိုက်ပျိုးမှုနှင့် ဝါထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး သက်ဆိုင်ရာ ကဏ္ဍမှ ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းမှာကြားလိုကြောင်း။

 

ဆီထွက်သီးနှံနှင့် ပတ်သက်၍လည်း ပြည်တွင်း ဆီစားသုံးမှုဖူလုံမှုရှိစေရေး မိမိတို့အနေဖြင့် ဆီထွက် သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးထုတ်လုပ်သွား ကြရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက် ရာတွင်လည်း ဆီထွက်သီးနှံတွင်ပါဝင်သည့် နှမ်းစိုက်ပျိုးရာတွင်လည်း အောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် မျိုးကောင်းရန်၊ စိုက်ပျိုးရေနှင့်အောင်ရေလုံလောက်စွာရရှိရန် လိုအပ်သဖြင့် နှမ်းစိုက်ပျိုးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျ ဖြည့်ဆည်း ဆောင်ရွက်ပေးကြစေ လိုကြောင်း၊ မိမိတို့ နိုင်ငံသည် ပဲစိုက်ပျိုး၍ နိုင်ငံတကာသို့တင်ပို့သည့် ထိပ်တန်းနိုင်ငံများတွင် ပါဝင်ကြောင်း၊ ထို့ကြောင့် ပဲစိုက်ပျိုးမှုကိုလည်း နိုင်ငံ၏အဓိကစီးပွားရေးအဖြစ် မှတ်ယူ၍ အရည်အသွေးကောင်းမွန်သည့် ပဲများစိုက်ပျိုးထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရော်ဘာနှင့်ပတ်သက်၍လည်း ရော်ဘာထုတ်ကုန်များမှတစ်ဆင့် စက်မှုကုန်ထုတ် လုပ်ငန်းများကို ဆောင်ရွက်နိုင်ပြီး ဈေးကွက်လိုအပ်ချက် ကြီးမားကျယ်ပြန့်စွာရှိသည့်အတွက် အထွက် နှုန်းများ တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။

 

အစိုးရတစ်ရပ်အနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖော်ဆောင်ပေးရန် အဓိက တာဝန်ရှိပြီး နိုင်ငံ့စီးပွားနှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် ပေးနိုင်မှသာလျှင် ပြည်သူလူထုက ယုံကြည်အားကိုးသည့် အစိုးရတစ်ရပ် ဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရအရေးယူ ပိတ်ဆို့မှုများ၊ စီးပွားရေးအရ ပိတ်ဆို့မှုများအကြားမှ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် အကောင်းဆုံးသောနည်းလမ်းများဖြင့် ကျော်လွှား ဆောင်ရွက် လျက် ရှိနေကြောင်း။

 

ကုန်သွယ်မှုလျင်မြန် လုံခြုံချောမွေ့စေရေး၊ တရားမဝင်ကုန်သွယ်မှုများ မရှိစေရေး တာဝန်ရှိသူများက ကြပ်မတ်ဆောင်ရွက်

 

ကုန်သွယ်မှုနှင့်ပတ်သက်၍ သွင်းကုန်၊ ပို့ကုန် လုပ်ငန်းများအားလုံးကို ရိုးရိုးသားသား မှန်မှန်ကန်ကန် ဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ သွင်းကုန်၊ ပို့ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီမှုရှိစေရေး သက်ဆိုင်ရာ တာဝန်ရှိသူများက ကြပ်မတ်စစ်ဆေး ဆောင်ရွက်ကြရန်လိုပြီး မရိုးမသားဆောင်ရွက်ခြင်း များကြောင့် မိမိတို့နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်နစ်နာမှုများ မဖြစ်စေရန်လိုကြောင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့စေရေးအတွက်လည်း လမ်းကြောင်းများ တစ်လျှောက်၌ မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များ လျှော့ချသွားရန်လိုသကဲ့သို့ တရားမဝင်ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်အခများမရရှိဘဲ ထိခိုက်နစ်နာခြင်း၊အရည်အသွေးမပြည့်မီသည့် ပစ္စည်းများ အား ပြည်သူများအနေဖြင့် ဈေးကြီးပေး၍ ဝယ်ယူသုံးစွဲနေရသဖြင့်ထိခိုက်နစ်နာခြင်းတို့ကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ သို့ဖြစ်၍ကုန်သွယ်မှုလျင်မြန် လုံခြုံချောမွေ့စေရေး၊ တရားမဝင် ကုန်သွယ်မှုများ မရှိစေရေး တာဝန်ရှိသူများက အထူးအလေးထားကြပ်မတ်ဆောင်ရွက်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတက ဖြည့်စွက် ပြောကြားရာတွင် ယခုကာလသည် မိုးရာသီဖြစ်သဖြင့် အချို့ဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ အဓိကအားဖြင့် မြစ်ကြီးများ အပါအဝင် ချောင်းမြောင်းများတိမ်ကောလာခြင်းနှင့် မိုးရွာသွန်းမှုများပြားလာခြင်းများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ မြစ်ကြီးများ၊ ချောင်းမြောင်းများ တိမ်ကောလာမှုကို မြစ်ချောင်းများ ပြန်လည်ပြုပြင်ထိန်းသိမ်းခြင်း၊ သဲနုန်းများ ဆယ်ယူခြင်းဖြင့် ရေစီးဆင်းမှုများ ကောင်းမွန်လာပြီး ရေကြီးရေလျှံမှုကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား အသုံးပြု၍ သောင်တူးသည့်စက်ကြီးများဖြင့် ဆောင်ရွက်နိုင်အောင် စီမံ ဆောင်ရွက်လျက် ရှိကြောင်း။

 

အချို့ မြို့ပေါ်လူနေရပ်ကွက်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ များသောအားဖြင့် ရေနုတ်မြောင်းများအတွင်း အမှိုက်သရိုက်များ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ မြို့နေလူထုအနေဖြင့် ရေနုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေးအတွက်လည်း အမှိုက် များကို စည်းကမ်းတကျ စွန့်ပစ်ကြရန်လိုကြောင်း၊ ချောင်းကောမြောင်းကောများကြောင့် မြို့များတွင် ရေကြီးမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်းနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ စည်ပင်သာယာ ရေးအဖွဲ့များနှင့် မြို့နေလူထုတို့မှ မိမိတို့မြို့ရွာ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး ဝိုင်းဝန်း တားဆီးကာကွယ် လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း။

 

မြို့ရွာများ သန့်ရှင်းသာယာလှပရေးနှင့် ပတ်သက်၍ မိမိတို့သွားရောက်ခဲ့သည့် ရုရှားနိုင်ငံနှင့် ဘယ်လာရုစ် နိုင်ငံတို့တွင် မြို့ရွာများ သန့်ရှင်းသာယာလှပလျက်ရှိသည်ကိုတွေ့ရှိရကြောင်း၊ အဓိကအားဖြင့် သက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့အစည်းများက ဆောင်ရွက်သကဲ့သို့ ပြည်သူ တစ်ဦးချင်းစီကလည်း စည်းကမ်းတကျ လိုက်နာဆောင်ရွက်ကြသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက်လည်း အုပ်ချုပ်မှုပိုင်းဆိုင်ရာနှင့် စည်ပင်သာယာရေးဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်၍ မြို့နေလူထုနှင့်ပူးပေါင်းပြီးမြို့ရွာများ သန့်ရှင်းသာယာ လှပရေးအတွက်ဆောင်ရွက်သွားကြစေလိုကြောင်း။

 

အခြေခံပညာကျောင်းများအားလုံး စံကိုက် ကျောင်းများဖြစ်စေရေး ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံပညာကျောင်းပေါင်း ၅၀၀၀၀ ခန့် ရှိပြီး စံကိုက်သည့်ကျောင်းမှာ ၁၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း၊ အခြေခံပညာကျောင်းများကို စံကိုက်ညီမှု သတ်မှတ်ချက်ကိုခွဲခြား ဆောင်ရွက်ရာတွင် အခြေခံပညာမူလတန်းကျောင်း အနေဖြင့် သတ်မှတ်ဧရိယာမှာ ၃ ဧကမှ ၅ ဧက၊ အခြေခံပညာ အလယ်တန်းကျောင်းအနေဖြင့် ၅ ဧကမှ ၇ ဧက၊ အခြေခံပညာအထက်တန်းကျောင်း အနေဖြင့် ၇ ဧကမှ ၁၀ ဧက ရှိရန် သတ်မှတ်ထားကြောင်း၊ စံကိုက်ကျောင်းများအဖြစ် ဆောင်ရွက် ရာတွင် ကျောင်းသား ကျောင်းသူများ တန်းစီသည့် နေရာများ၊ အားကစားပြုလုပ်ရန်နေရာများနှင့် ကစားကွင်းများ ရှိရန်လိုသကဲ့သို့ အဆောက်အအုံ များကိုလည်း စနစ်တကျ ဆောက်လုပ်ရန် လိုကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် တာဝန်ရှိသူများအနေဖြင့် အခြေခံပညာကျောင်း များ၏ မြေပြင်အခြေအနေများကို စနစ်တကျစာရင်း ကောက်ယူပြီး သတ်မှတ်ထားသည့် မြေဧရိယာ အကျယ်အဝန်းအခြေအနေပေးသည့် ကျောင်းများ အား မိမိတို့အစိုးရ တာဝန်ယူချိန်အတွင်း စံကိုက် ကျောင်းများအဖြစ် ဦးစားပေးအဆင့်အလိုက် အဆင့် မြှင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ရာတွင်လည်း စနစ်တကျ ဆောက်လုပ်ရန်နှင့် ရေရှည်အတွက်ထည့်သွင်း စဉ်းစားလျာထား၍ စီမံချက်များ စနစ်တကျရေးဆွဲ ဆောင်ရွက်သွားရန်လိုကြောင်း၊ စာသင်ကျောင်းများ လုံခြုံမှုရှိစေရေး၊ စနစ်တကျရှိစေရေး၊ သန့်ရှင်း သာယာမှု ရှိစေရေး၊ စာသင်ကျောင်းများအနီးပတ်ဝန်း ကျင်ကောင်းများဖြစ်စေရေး အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် စနစ်တကျ ဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတော်အစိုးရကကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ကျောင်းသား၊ မိဘ၊ ဆရာ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများအားလုံး ပူးပေါင်းဆောင်ရွက်မှသာလျှင် နိုင်ငံတော်၏ ပညာ ရေးကဏ္ဍမှာ စနစ်တကျဖြင့် ဘက်စုံတိုးတက် ကောင်းမွန်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ နိုင်ငံတော်သမ္မတက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အခွန်ထမ်းဆောင်မှု နှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းဆောင်ရွက်နေသူများ၊ ပြည်သူများအနေဖြင့် အခွန်ငွေများကို ထမ်းဆောင်ကြပြီး နိုင်ငံတော်အစိုးရအနေဖြင့် အဆိုပါ အခွန်ထမ်းငွေများဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ အဆိုပါ အခွန် ထမ်းငွေများကို နိုင်ငံတော်အတွက် အမှန်တကယ် လိုအပ်သည့် နေရာများတွင် အကျိုးရှိရှိအသုံးချကြရန်လိုကြောင်း၊ ဝန်ကြီးဌာနများအလိုက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် အခွန်ငွေများကို ထိထိရောက်ရောက်အသုံးချရာတွင် အခွန်ထမ်းပြည်သူများ၏ မျက်နှာကို ကြည့်ရန်လိုကြောင်း။

 

မိမိတို့အနေဖြင့် ဖက်ဒရယ်ကိုအခြေခံသည့် ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းနေခြင်း ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကို ပေးအပ်ထားသကဲ့သို့ ပြည်ထောင်စုအစိုးရအဖွဲ့မှ ချမှတ်ဆောင်ရွက်သည့် မူဝါဒများကိုလည်း အောင်မြင်အောင် ဝိုင်းဝန်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်လိုကြောင်း၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စု ဝန်ကြီးဌာနများကလည်း စနစ်တကျဝိုင်းဝန်း ကြပ်မတ် ဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

သတင်းစဉ်


No comments

Powered by Blogger.