ဂျပန်နိုင်ငံ၌ စံချိန်တင်မိုးရွာသွန်းမှုကြောင့် သေဆုံးသူ ရှစ်ဦးအထိ မြင့်တက်လာ
ဩဂုတ်
၁၄
ဂျပန်နိုင်ငံအရှေ့ပိုင်းတွင်
ယနေ့အစောပိုင်းအထိ စံချိန်တင်မိုးရွာသွန်းမှုကြောင့် ချီဘာစီရင်စုတွင် လူရှစ်ဦးသေဆုံးခဲ့ကြောင်း
ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့သည်။
ချီဘာ၊
ကာရှီဝါ၊ အိချီကာဝါ၊ ဆာကူရာနှင့် ယာချီယိုမြို့များတွင် လူရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာအနည်းငယ်ရရှိခဲ့သည်ဟု
သိရသည်။
ဂျပန်မိုးလေဝသအေဂျင်စီ
(JMA) ၏ ပြောကြားချက်အရ ချီဘာမြို့တွင် ယနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီ ၄၀ အထိ ၁၂
နာရီအတွင်း မိုးရေချိန် ၃၄၈ မီလီမီတာဖြင့် မိုးရေချိန်စံချိန်တင်ခဲ့သည်။
ချီဘာစီရင်စု၏
ဒေသအချို့တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများအတွက် အဆင့် ငါး အရေးပေါ်သတိပေးချက်ကို
အစောပိုင်းက ထုတ်ပြန်ခဲ့ရာ အမြင့်ဆုံးသတိပေးချက်အဆင့်ဖြစ်သည်ဟု သိရသည်။ သတိပေးချက်အားလုံးကို
ယနေ့နံနက်ပိုင်းတွင် အဆင့်လေး သို့မဟုတ် ယင်းထက်နိမ့်သောအဆင့်သို့ လျှော့ချခဲ့သည်။
မိုးရွာသွန်းမှုများထပ်မံဖြစ်ပွားနိုင်ကြောင်း
မိုးလေဝသဌာနက သတိပေးခဲ့ပြီး လူများအား သတိထားနေထိုင်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
မီးသတ်နှင့်
ဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ၏ ပြောကြားချက်အရ ချီဘာစီရင်စုရှိ လူပေါင်း ၁၀၂၆၀၀
ခန့်အတွက် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် အမိန့်များ ယနေ့ ဒေသစံတော်ချိန် နံနက် ၁၁
နာရီအထိ အကျုံးဝင်နေဆဲဖြစ်သည်ဟု သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့်
ရထားနှင့် ဘတ်စ်ကားလုပ်ငန်းများ ရပ်တန့်သွားသောကြောင့် ထိုစီရင်စုရှိ နာရီတာလေဆိပ်တွင်
ခရီးသည် ၇၀၀၀ ခန့် တစ်ညလုံး ပိတ်မိနေခဲ့သည်ဟု လေဆိပ်အော်ပရေတာက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments