လွိုင်ကော်မြို့ ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်၌ မင်္ဂလာဖားစည် သန့်စင်ခြင်းအခမ်းအနား ကျင်းပ
လွိုင်ကော် ဩဂုတ် ၂၆
ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ကယားပြည်နယ် ယဉ်ကျေးမှု ပြတိုက်အတွင်း ထားရှိသည့် မင်္ဂလာဖားစည်ကို အကြမ်းဖက် သောင်းကျန်းသူများက ယူဆောင် ဖျောက်ဖျက်ခဲ့သည့် အတွက် ကယားမျိုးနွယ်စု တိုင်းရင်းသားများ၏ မြတ်နိုးတန်ဖိုးထားရာ မင်္ဂလာဖားစည်ကို အစားထိုးရရှိ ရေး ပြည်နယ်အစိုးရအဖွဲ့က ဆောင်ရွက်ခဲ့သည်။
အဆိုပါ မင်္ဂလာဖားစည်အား ရိုးရာဓလေ့နှင့်အညီ သန့်စင်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့ ကယားပြည်နယ် ယဉ်ကျေးမှုပြတိုက်၌ ကျင်းပရာ အခမ်းအနားတွင် ကယားစာပေနှင့်ယဉ်ကျေးမှု အဖွဲ့ဥက္ကဋ္ဌက ဖားစည်သန့်စင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်နှင့် တက်ရောက်လာ သူများက မင်္ဂလာဖားစည်အား ရိုးရာ ဓလေ့နှင့်အညီ အမွှေးနံ့သာရည်များ ပက်ဖျန်းခြင်း၊ ဖားစည်တီးခတ် ခြင်းတို့ ဆောင်ရွက်ကြသည်။
အခမ်းအနား အပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် အတူ နွားလဝိုးကျေးရွာဘုန်းကြီးကျောင်း ဓမ္မာရုံ၌ နွားလဝိုးရွာမ၊ ထီရိ၊ ပဒါးညေး၊ လွယ်ထွဲ၊ လင်ဖုံ လေး(အပေါ်)၊ လင်ဖုံလေး (အောက်)၊ ကယန်းသာယာ (တောင်) နှင့် ဒေါခေါခူကျေးရွာနေ ပြည်သူများနှင့် သွားရောက် တွေ့ဆုံသည်။ ပြည်နယ်အစိုးရအဖွဲ့ နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများအားလုံး ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာ အခန်းကဏ္ဍမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးကာ ပြည်သူများ၏ မိမိတို့ကျေးရွာအလိုက် လိုအပ်ချက်များ တင်ပြမှု အပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments