နိုင်ငံတော်၊ လွှတ်တော်နှင့် ပြည်သူလူထုပူးပေါင်းကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလို




မော်လမြိုင် ဩဂုတ် ၂၁

ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်အုန်းသည် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များအား ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်လွှတ်တော်ရုံး ဆွေးနွေးပွဲခန်းမ၌ တွေ့ဆုံသည်။


တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများအပြီး ပေါ်ထွန်းလာသည့် လွှတ်တော်များ၏ လွှတ်တော်ကိုယ်စားလှယ်များသည် ဒီမိုကရေစီ၏ အဓိကအခြေခံဖြစ်သော လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲတံခါးပေါက်ကို ဖြတ်သန်း၍ လွှတ်တော်များအတွင်း ပြည်သူလူထုအကျိုး၊ နိုင်ငံတော်အကျိုးသယ်ပိုးရန် ဝင်ရောက်လာသူများဖြစ်ကြောင်း၊ လွှတ်တော်ဆိုသည်မှာ အစိုးရပြည်သူကြား ပေါင်းကူးတံတားသဖွယ် ဆောင်ရွက်ရသည့်နေရာဖြစ်ခြင်းကြောင့် နိုင်ငံတော်၊ လွှတ်တော်နှင့် ပြည်သူလူထုပူးပေါင်းကာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း။


၂၀၂၆ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော်အစိုးရ ရက် ၁၀၀ ပြည့် နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားခဲ့ပြီး နိုင်ငံတော်ငြိမ်းချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်များကလည်း နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးကို အင်တိုက်အားတိုက်ဆောင်ရွက်ကြစေလိုကြောင်း၊ မေးခွန်းများမေးမြန်းခြင်း၊ အဆိုများ တင်သွင်းခြင်းဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံမဲဆန္ဒရှင်ပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ လက်ရှိအခြေအနေနှင့်ကိုက်ညီသော ဥပဒေများ ပြင်ဆင်ဖြည့်စွက် အသစ်ရေးဆွဲပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်စေလိုကြောင်း။


ပြည်သူ့လွှတ်တော် တတိယအကြိမ် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၁၆ ရက်ကစတင်၍ ၂၀၂၆ ခုနှစ် ဧပြီ ရက်အထိ ကျင်းပခဲ့ပြီး တတိယအကြိမ် ဒုတိယပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် ဇွန် ရက်မှစတင်၍ ၂၀၂၆ ခုနှစ် ဇူလိုင် ၃၀ ရက်အထိ ကျင်းပခဲ့ပါကြောင်း၊ တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးအထိ ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၅၉၉ ခုနှင့် အဆိုသုံးခုတို့ကို တင်သွင်းမေးမြန်းနိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော်တွင် အမြဲတမ်းကော်မတီ လေးခုအပါဝင် ကော်မတီ ၂၂ ခုရှိပြီး နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ခေါ်ယူတွေ့ဆုံ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒေသ၏အကျိုးကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။


ထို့နောက် မွန်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်ရေးရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လွှတ်တော်အစည်းအဝေးခန်းမအား ကြည့်ရှုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.