တောင်ကိုရီးယားနိုင်ငံ၌ ဆေးသုတ်ပစ္စည်းစက်ရုံ မီးလောင်မှုတွင် သုံးဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရရှိ
ဩဂုတ် ၂၈
တောင်ကိုရီးယားနိုင်ငံရှိ ဆေးသုတ်ပစ္စည်းထုတ်လုပ်သောစက်ရုံတစ်ရုံတွင် ပေါက်ကွဲမှုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူသုံးဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယွန်ဟပ်သတင်းဌာန၏ ပြောကြားချက်အရ သိရသည်။
ဆိုးလ်မြို့တောင်ဘက် ၈၅ ကီလိုမီတာခန့်အကွာ ချွန်နန်မြို့ရှိ ဆေးသုတ်ကုန်ကြမ်းများနှင့် အခြားဖက်တီးအက်ဆစ်များ ထုတ်လုပ်သည့် စက်ရုံတွင် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၄၄ မိနစ်ခန့်တွင် မီးလောင်မှုစတင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မီးလောင်မှုဖြစ်ပွားရာနေရာအနီးတွင် အသက် ၇၀ ကျော်အရွယ် ကော်ဖီဆိုင်ဝန်ထမ်းတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ပြီး ခြောက်ထပ်နှင့် ရှစ်ထပ်ရှိ လှေကားထစ်များတွင် အလောင်းနှစ်လောင်း ထပ်မံတွေ့ရှိခဲ့ရသည်။ ရဲတပ်ဖွဲ့သည် အလောင်းနှစ်လောင်းကို ဖော်ထုတ်ရန် လုပ်ဆောင်နေကြသည်။
မီးသတ်အာဏာပိုင်များက အဆင့်တစ် အရေးပေါ်တုံ့ပြန်မှုအဆင့်သတ်မှတ်ခဲ့ပြီး မီးကို ထိန်းချုပ်ရန်အတွက် ဒေသခံမီးသတ်စခန်းမှရရှိနိုင်သမျှ မီးသတ်ဝန်ထမ်းများနှင့် ကိရိယာပစ္စည်းများအားလုံးကို အသုံးပြုခဲ့သည်ဟု သိရသည်။
အဆိပ်အတောက်ဖြစ်စေနိုင်သော မီးခိုးများစတင်ပျံ့နှံ့လာသဖြင့် မြို့တော်စည်ပင်အဖွဲ့က အရေးပေါ်ဘေးအန္တရာယ် သတိပေးချက်ထုတ်ပြန်ခဲ့ပြီး ဒေသခံများအနေဖြင့် မိမိတို့၏ ဘေးကင်းလုံခြုံရေးကို ဦးစားပေးရန် တိုက်တွန်းခဲ့ပြီး ယာဉ်မောင်းများအနေဖြင့်လည်း မီးလောင်မှုဖြစ်ပွားရာနေရာအနီးမှ ရှောင်ကွင်းသွားလာရန် အခြားလမ်းကြောင်းများကို အသုံးပြုရန် အကြံပြုခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments