နိုင်ဂျီးရီးယားနိုင်ငံ၌ ဆုံဆို့နာရောဂါ ဖြစ်ပွားမှုကြောင့် ကလေး ၅၀ ဦးထက်မနည်း သေဆုံး
ဩဂုတ် ၂၆
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်တွင် ဆုံဆို့နာရောဂါ ဖြစ်ပွားမှုကြောင့် ကလေး ၅၀ ဦး ထက်မနည်းသေဆုံးပြီး အခြားအများအပြား ဆေးရုံတွင်ကုသမှုခံယူနေရကြောင်း ပြည်နယ်လွှတ်တော်က ယမန်နေ့က ပြောကြားခဲ့ပြီး အရေးပေါ်အစီအမံများ အမြန်ဆုံး ဆောင်ရွက်ပေးရန် တောင်းဆိုထားသည်။
ကာနိုပြည်နယ် လွှတ်တော်က ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် အစိုးရအနေဖြင့် ပြည်နယ်၏ ကျန်းမာရေးကာကွယ်စောင့်ရှောက်ရေးဥပဒေကို အသုံးပြုဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။ ထို့အပြင် ဒေသန္တရအုပ်ချုပ်ရေးနယ်မြေ အများအပြားကို ထိခိုက်စေသော အဆိုပါ ပြည်သူ့ကျန်းမာရေးပြဿနာနှင့် ပတ်သက်၍ သက်ဆိုင်ရာ အာဏာပိုင်များနှင့် ဆွေးနွေးဆောင်ရွက်ရန် ကျန်းမာရေးကော်မတီကိုလည်း ညွှန်ကြားခဲ့သည်။
ထိခိုက်ခံနေရသည့်ဒေသန္တရအုပ်ချုပ်ရေးနယ်မြေများအနက် ရာနိုကို ကိုယ်စားပြုသည့် ပြည်နယ်လွှတ်တော်အမတ် Ibrahim Muhammad က ယမန်နေ့က လွှတ်တော်အစည်းအဝေးတွင် ပြောကြားရာ၌ ရောဂါဖြစ်ပွားမှုသည် Ridin နှင့် Sabuwar Kaura ကျေးရွာများတွင် အထူးပြင်းထန်နေပြီး သေဆုံးမှုအများစုမှာ ယင်းဒေသများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆေးဝါးများ ပံ့ပိုးပေးခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ စေလွှတ်ခြင်း အပါအဝင် အရေးပေါ်အစီအမံများကို ယခုအချိန်အထိ အကန့်အသတ်ဖြင့် လုပ်ဆောင်ခဲ့သော်လည်း ရောဂါထိန်းချုပ်မှု ပိုမိုလုပ်ဆောင်ရန် လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အစည်းအဝေးတက်ရောက်လာသော အခြားဥပဒေပြုအမတ်များက ရောဂါဖြစ်ပွားမှုသည် Rano၊ Tudun Wada၊ Kibiya၊ Bunkure၊ Bebeji နှင့် Kiru အပါအဝင် ဒေသန္တရအစိုးရဧရိယာခြောက်ခုရှိ အခြားရပ်ရွာများနှင့် မြို့များသို့ ပျံ့နှံ့သွားကြောင်း ပြောကြားခဲ့သည်။
ဆုံဆို့နာရောဂါသည် အသက်ရှူလမ်းကြောင်းအပေါ်ပိုင်းနှင့် တစ်ခါတစ်ရံ အရေပြားကို ထိခိုက်စေသော ဘက်တီးရီးယားကြောင့် ဖြစ်ပွားသောရောဂါတစ်ခုဖြစ်ပြီး နှလုံးနှင့် အာရုံကြောများကို ထိခိုက်စေသော အဆိပ်အတောက်ကိုလည်း ထုတ်လုပ်သည်ဟု သိရသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၂၅ ခုနှစ် အစီရင်ခံစာအရ နိုင်ဂျီးရီးယား၏ ပြည်နယ် ၃၆ ခုအနက် ၃၀ ရှိ ဒေသန္တရအစိုးရဧရိယာ ၂၄၀ ခန့်တွင် ဆုံဆို့နာနှင့်ဆက်စပ်သော သေဆုံးမှု ၈၈၄ ဦးထက်မနည်းရှိခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က နိုင်ငံအတွင်း ရောဂါဖြစ်ပွားမှုများကို ကာကွယ်ရန်အတွက် ကာကွယ်ဆေးထိုးနှံမှုကို အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် တိုက်တွန်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments