တရုတ်နိုင်ငံအလယ်ပိုင်းရှိ မြစ်များရေလျှံမှုကြောင့် လူပေါင်းထောင်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရ
ဩဂုတ်
၁၃
တရုတ်နိုင်ငံအလယ်ပိုင်း
ဟီနန်ပြည်နယ်တွင် ရက်ပေါင်းများစွာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်များ ရေလျှံပြီး
ရေကာတာကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း
ဒေသဆိုင်ရာ အာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။
ပီဒင်ရှန်မြို့တွင်
ယမန်နေ့ညက ဂျီရှန်ကောင်တီရှိ ဘေရူမြစ်တစ်လျှောက်ရှိ ရေကာတာတစ်ခု ကျိုးပေါက်သွားသဖြင့်
လူ ၂၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်ဟု သိရသည်။ မိုးသည်းထန်စွာရွာသွန်းမှုနှင့်
အထက်ရေလှောင်ကန်များမှ ရေများယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိအချိန်အထိ ထိခိုက်သေဆုံးမှု မရှိသေးကြောင်း
ဖော်ပြထားသည်။
ရေကာတာကျိုးပေါက်မှုသည်
မီတာ ၄၀ ကျော် ကျယ်ဝန်းပြီး ယနေ့နံနက်တွင် ရေမျက်နှာပြင်များ ကျဆင်းလျက်ရှိရာ ကျိုးပေါက်သွားသောနေရာကို
ပြန်လည်ပိတ်ဆို့နိုင်ရန် ပြုပြင်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်သည်ဟု သိရသည်။
လော့ဟဲမြို့တွင်
မြစ်ရေကြီးမှုဖြစ်နိုင်ခြေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လာသောကြောင့် ရွာ
၁၀ ရွာမှ လူ ၄၅၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။
တရုတ်နိုင်ငံအမျိုးသားမိုးလေဝသဌာနက
မိုးသည်းထန်စွာရွာသွန်းမှုအတွက် အဝါရောင်သတိပေးချက်ကို ယနေ့တွင်ပြန်လည်ထုတ်ပြန်ခဲ့ပြီး
ဟီနန်နှင့် ဟူဘေးပြည်နယ်များ အပါအဝင် ဒေသအများအပြားတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု
ခန့်မှန်းထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments