ဖျာပုံမြို့နယ်၌ စုပေါင်းစိုက်ပျိုးခြင်း၊ စုပေါင်းမွေးမြူခြင်းကို စနစ်တကျဆောင်ရွက်နိုင်ရေး စည်းရုံးဆွေးနွေး

 


ဖျာပုံ သြဂုတ် ၂၅

 

ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်မျိုးတင်နှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ် အောက္ကဘာကျေးရွာ ကမာအောင်ဘုန်းတော်ကြီးကျောင်း၌ ဇင်းဘောင်၊ ဗျိုင်းကဇီး၊ ကျုံကဒွန်း၊ လက်ပံ၊ အလန်းဖလွတ်ကျေးရွာတို့မှ ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ သမဝါယမစနစ်ကိုအခြေခံ၍ စုပေါင်းဆောင်ရွက်သည့် စနစ်ကျသော စိုက်ပျိုးရေးစနစ် စီမံကိန်း (CBFP) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။

 

ဦးစွာတိုင်းဒေသကြီးဝန်ကြီးက အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်စိုးမင်းက တောင်သူများလိုအပ်သည့် မျိုး၊ သွင်းအားစုနှင့် အရင်းအနှီးများရရှိစေရေး၊ ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းဆိုင်ရာ စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ ဆန်စက်လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့်ပူးပေါင်းပြီး လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် တောင်သူများ၏ ဆွေးနွေးချက်အပေါ် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာဌာနများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ပူးပေါင်းကူညီပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်နေမှုများ၊ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးက သမဝါယမအသင်းများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးတွင် ပါဝင်ဆောင်ရွက်နေမှုသည် နိုင်ငံစားရေရိက္ခာဖူလုံရေး၊ ပြည်ပတင်ပို့နိုင်ရေးအတွက် အလွန်အရေးကြီးကြောင်း၊ သီးနှံအထွက်နှုန်းတိုးစေရန် ထုတ်လုပ်မှုစရိတ် သက်သာစေရန်နှင့် စျေးကွက်ရရှိအောင်စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး ဒေသခံတောင်သူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.