အမျိုးသားပြတိုက်(ရန်ကုန်)သို့ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ
ရန်ကုန် ဩဂုတ် ၁၃
မြန်မာနိုင်ငံ၏သမိုင်းကြောင်းကို လေ့လာသိရှိရန်၊ အမျိုးသားရေးအသိစိတ်နှင့် မိမိနိုင်ငံ၏ အမွေအနှစ်များအပေါ် တန်ဖိုးထားထိန်းသိမ်းလိုစိတ် တိုးပွားစေရန်၊ အနာဂတ်မျိုးဆက်များအတွက် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက် တတ်စေရန်နှင့် အသိပညာရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုဖြင့် အမျိုးသားပြတိုက်သို့ ကျောင်းသားကျောင်းသူများ လာရောက်လေ့လာနိုင်ရေး စီစဉ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျောင်းသား ကျောင်းသူများသည် အမျိုးသားပြတိုက်(ရန်ကုန်)သို့ လာရောက် လေ့လာကြသည်။
ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အထက (မြို့မ)မှ ကျောင်းသား ကျောင်းသူ ၁၀၀ တို့သည် ပြတိုက်အတွင်း စိတ်ဝင်တစား လှည့်လည်ကြည့်ရှုကြရာ ပြတိုက်တာဝန်ရှိသူများက ပြတိုက်၏သမိုင်းနှင့် ပြခန်းများအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြသည်။ အဆိုပါ အမျိုးသားပြတိုက်(ရန်ကုန်)သို့ ရန်ကုန်တိုင်းဒေသကြီး ခရိုင် ၁၄ ခရိုင်အတွင်းရှိ မြို့နယ် ၄၄ မြို့နယ်မှ ကျောင်းသား ကျောင်းသူ ၄၄၀၀ အား ဩဂုတ်လမှ ၂၀၂၇ ခုနှစ် ဇန်နဝါရီလအထိ လေ့လာနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)

No comments