အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲတွင် ဗီယက်နမ်အသင်း နှစ်ကြိမ်ဆက်နှင့် လေးကြိမ်မြောက် ဗိုလ်စွဲ
ရန်ကုန် ဩဂုတ် ၂၆
၂၀၂၆ အာဆီယံ ဟွန်ဒိုင်းဖလားပြိုင်ပွဲ
ဗိုလ်လုပွဲ ဒုတိယအကျော့ကို သြဂုတ် ၂၆ ရက်က ဗီယက်နမ်နိုင်ငံ၌ကျင်းပရာ ဗီယက်နမ်အသင်းနှင့် ထိုင်းအသင်း
နှစ်ဂိုးစီသရေကျခဲ့သည်။
ဗီယက်နမ်အသင်းသည် ပထမအကျော့အဝေးကွင်းပွဲတွင်
နှစ်ဂိုးပြတ်အနိုင်ရထားသဖြင့် နှစ်ကျော့ပေါင်း လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုကာကွယ်နိုင်ခဲ့ပြီး နှစ်ကြိမ်ဆက်နှင့် လေးကြိမ်မြောက်
ဗိုလ်စွဲခဲ့သည်။ ဗီယက်နမ်အသင်းသည် ပြိုင်ပွဲသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံဆုကာကွယ်နိုင်ခြင်းဖြစ်ပြီး
ထိုင်း၊ စင်ကာပူပြီးနောက် တတိယမြောက် ချန်ပီယံဆုကာကွယ်နိုင်သည့်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဗီယက်နမ်အသင်းသည် ချန်ပီယံဆုလေးကြိမ်ဖြင့် စင်ကာပူအသင်း၏ ချန်ပီယံဆုအရေအတွက်ကို လိုက်မီခဲ့သည်။ ဗီယက်နမ်အသင်းသည်
ယခုပွဲတွင် ကံကောင်းခဲ့ပြီး နှစ်ကြိမ်တိုင် နောက်မှလိုက်ကစားရသော်လည်း ထိုင်းအသင်းက
ကိုယ့်ဂိုးကိုယ်သွင်းယူသည့် OG ဂိုးများကြောင့် ချေပဂိုးနှစ်ဂိုးစလုံး
ပြန်ရခဲ့ခြင်းဖြစ်သည်။
ပထမအကျော့တွင် အရေးနိမ့်ထားသည့်
ထိုင်းအသင်းသည် အဝေးကွင်း မဖြစ်မနေအနိုင်ရရန် လိုအပ်နေသဖြင့် ပွဲစကတည်းက တိုက်စစ် ဖွင့်ကစားခဲ့ပြီး
၁၂ မိနစ်တွင် ဘူရာဖာက ဦးဆောင်ဂိုး သွင်းယူခဲ့သည်။ ထိုင်းအသင်းသည် ပထမပိုင်းအပြီးတွင်
တစ်ဂိုးအသာဖြင့် ဦးဆောင်နေသော်လည်း ၅၂ မိနစ်တွင် ဗီယက်နမ်အသင်း ကန်သွင်းသည့် ဘောလုံး
တိုင်ထိထွက်ရာမှတစ်ဆင့် ထိုင်းဂိုးသမား ချက်ချိုင် ခြေထောက်နှင့်ထိကာ ဂိုးဝင်ခဲ့ခြင်းဖြစ်သည်။ သရေကျပြီးနောက်
ထိုင်းအသင်းက ဂိုးထပ်ရရန် ကြိုးပမ်းလာပြီး ၈၅ မိနစ်တွင် ဝမ်ချိုင်းက ဒုတိယဂိုးထပ်သွင်း
ခဲ့သည်။ သို့သော် ၉၀+၃ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သည့် ဝမ်ချိုင်းပင်
ဘောလုံးဖျက်ထုတ်ရာမှတစ်ဆင့် ကိုယ့်ဂိုး ကိုယ်သွင်းမိပြီး ဗီယက်နမ်အသင်း ချေပဂိုးရခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဗီယက်နမ်အသင်းသည် ပြိုင်ပွဲတစ်လျှောက် ရှုံးပွဲမရှိဘဲ ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။
ဗီယက်နမ်အသင်းသည် ချန်ပီယံဆုကို
၂၀၀၈၊ ၂၀၁၈၊ ၂၀၂၄ နှင့် ၂၀၂၆ ခုနှစ်တို့တွင် လေးကြိမ် ရယူနိုင်ခဲ့သည်။
သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-FAT

No comments