ဖိလစ်ပိုင်တွင် အပူပိုင်းမုန်တိုင်းငယ်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်
ဩဂုတ် ၃
ဖိလစ်ပိုင်နိုင်ငံ၏နေရာအများစုတွင် ဒေသတွင်းဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်တစ်ခု၏ သက်ရောက်မှုကြောင့် မိုးရွာသွန်းနိုင်ကြောင်း ဖိလစ်ပိုင် မိုးလေဝသဌာနက ခန့်မှန်းထားသည်ဟု ဒေသတွင်း သတင်းမီဒီယာများက ယနေ့တွင် ဖော်ပြခဲ့သည်။
ဖိလစ်ပိုင် လေထု၊ မြေဗေဒနှင့် နက္ခတ္တဗေဒဝန်ဆောင်မှုဌာန၏ထုတ်ပြန်ချက်အရ အပူပိုင်းမုန်တိုင်းငယ်အသစ်တစ်ခုသည် ယနေ့ နံနက် ၄ နာရီအချိန်တွင် လူဇွန်ကျွန်းရှိ အော်ရိုရာပြည်နယ် ကမ်းလွန်အရှေ့ဘက် ၁၃၀ ကီလိုမီတာအကွာတွင် တည်ရှိနေပြီး လှုပ်ရှားမှုမှာ အလွန်နှေးကွေးကာ ရပ်တန့်လုနီးပါး ဖြစ်နေသည်ဟု သိရသည်။
ဖိလစ်ပိုင်နိုင်ငံသည် နှစ်စဉ် တိုင်ဖွန်းမုန်တိုင်းများနှင့် အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းများ မကြာခဏ ကြုံတွေ့ရသည့် နိုင်ငံဖြစ်ပြီး သဘာဝဘေးအန္တရာယ်များ အလွန်ထိခိုက်လွယ်သည့် နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ကြောင်း ဖော်ပြထားသည်။
မော်တော်ဘန်ကာလှေများနှင့် အရွယ်အစားတူရေယာဉ်များ၏ သင်္ဘောသားများကို ပင်လယ်ပြင်သို့ ထွက်ခွာရာတွင် ရာသီဥတုအခြေအနေကိုအထူးသတိပြု၍ လိုအပ်သောကြိုတင်ကာကွယ်မှုများ ပြုလုပ်ကြရန် ဖိလစ်ပိုင် လေထု၊ မြေဗေဒနှင့် နက္ခတ္တဗေဒဝန်ဆောင်မှုဌာနက အကြံပြုထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments