အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင် ဆောက်လုပ်ဆဲ ဥမင်လိုဏ်ခေါင်းပြိုကျမှုကြောင့် ခုနစ်ဦး သေဆုံး
ဩဂုတ် ၁၄
အိန္ဒိယနိုင်ငံမြောက်ပိုင်း တောင်ကုန်းပြည်နယ် ဥတ္တရာခန်တွင် ဆောက်လုပ်ဆဲ ဥမင်လိုဏ်ခေါင်း ရုတ်တရက်ပြိုကျမှုဖြစ်ပွားခဲ့ရာ အလုပ်သမားခုနစ်ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံတာဝန်ရှိသူတစ်ဦးက ယနေ့တွင် အတည်ပြုပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် ထိုပြည်နယ်၏ ချာမိုလီခရိုင်ရှိ ပီပါလ်ကိုတီဒေသတွင် ယမန်နေ့ညနေပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ဆဲဥမင်လိုဏ်ခေါင်းအတွင်း၌ အလုပ်သမား ၂၅ ဦးနီးပါးရှိနေပြီး ရေနှင့် အပျက်အစီးများ ရုတ်တရက် စီးဆင်းလာခြင်းကြောင့် ၎င်းတို့အားလုံး ပိတ်မိနေခဲ့သည်ဟု သိရသည်။
ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိရာ အလုပ်သမား ၁၆ ဦးနီးပါးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ပြီး သေဆုံးသူ ခုနစ်ဦးကိုလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း ဖော်ပြထားသည်။
ဆောက်လုပ်ဆဲ ဥမင်လိုဏ်ခေါင်းကို အိန္ဒိယအစိုးရပိုင် THDC India Limited က ဆောက်လုပ်လျက်ရှိသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments