ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်ခဲ့သည့် စစ်ကိုင်းမြို့ ရပ်ကွက်များ အတွင်းရှိ ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
မုံရွာ ဩဂုတ် ၁၂
ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် စစ်ကိုင်းမြို့ ကမ်းနားရှိ အနိမ့်ပိုင်းရပ်ကွက်များ ရေဝင်ရောက် ခဲ့သဖြင့် ဒေသခံပြည်သူများအား ယာယီရေဘေးရှောင် စခန်းများသို့ ပြောင်းရွှေ့ခဲ့ရပြီး ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်သည်။
ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ ထုံးဘိုရပ်ကွက် သစ်ကနက်ဘုရားဝင်းအတွင်းရှိ ယာယီရေဘေးရှောင် စခန်းအား စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးကိုလေးသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအတွက် စားသောက်ရေး၊ နေထိုင်ရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ရရှိအဆင်ပြေစေရန် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် ကျန်းမာရေးအထူးဂရုပြုနေထိုင်ကြရန် မှာကြားကာ ရေဘေးရှောင်ပြည်သူများအား ဆန်၊ ဆီနှင့် စားသောက်ဖွယ်များ ထောက်ပံ့ပေးအပ်ကာ လူနေအိမ် များအတွင်း ရေဝင်ရောက်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးသည်။
အလားတူ စစ်ကိုင်းမြို့ သောတပန်ရပ်ကွက်ရှိ လေးကျွန်းမာရ်အောင်ဘုရားဝင်းအတွင်း ဖွင့်လှစ် ထားရှိသည့် ယာယီရေဘေးရှောင်စခန်း၊ ပန်းပဲတန်း ရပ်ကွက် နဂါးရုံဘုရားဝင်းအတွင်းရှိ ယာယီရေဘေး ရှောင်စခန်း၊ နန္ဒဝန်ရပ်ကွက် အောင်ချမ်းသာဘုရား ဝင်းအတွင်းရှိ ယာယီရေဘေးရှောင်စခန်းနှင့် ဧမြဝတီ ရပ်ကွက် ရေဘေးရှောင်စခန်းများရှိ ဒေသခံပြည်သူ များအား အားပေးစကားပြောကြားပြီး ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကာ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
အဆိုပါယာယီရေဘေးရှောင်စခန်းများ၌ ခရိုင်/မြို့နယ် ကုသရေးဦးစီးဌာနက ကျန်းမာရေး စောင့်ရှောက်ပေးနေမှုကို ကြည့်ရှုအားပေးပြီး စစ်ကိုင်းမြို့ ဧရာဝတီမြစ်ရေထိန်းတာပေါင်များ ကြံ့ခိုင်မှုနှင့် ဧရာဝတီမြစ်ရေရောက်ရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။
မွန်းလွဲပိုင်းတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် စစ်ကိုင်း-မင်းကွန်း ကားလမ်းပေါ်ရှိ အလျား ၅၅ ပေ၊ အမြင့် ကိုးပေ ရေထိန်း နံရံပြိုကျပျက်စီးမှုကို ယာယီသဲအိတ်များဖြင့် ကာရံခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ဆောင်ရွက်ပြီးစီးခဲ့သည့် စစ်ကိုင်း-မင်းကွန်း ကားလမ်း ရေတိုက်စားကမ်းပြိုမှု ကာကွယ်ရေးလုပ်ငန်း သံကူကွန်ကရစ်ရေထိန်းနံရံများ တည်ဆောက် ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments