ဂီနီနိုင်ငံ အမှိုက်ပုံပြိုကျမှုတွင် သေဆုံးသူဦးရေ ၃၀ အထိ မြင့်တက်လာ
ဩဂုတ် ၂၄
ဂီနီနိုင်ငံ မြို့တော် ကိုနာကရီမြို့ပြင်ရှိ ဒါး-အက်စ်-ဆာလမ်အမှိုက်ပုံပြိုကျမှု ယမန်နေ့ကဖြစ်ပွားခဲ့ရာ လူ ၃၀ သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ကြက်ခြေနီ၊ ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့များ၊ ဆေးအဖွဲ့များ၊ အုပ်ချုပ်ရေးနှင့် ဒေသန္တရအာဏာပိုင်များအပြင် အနီးတစ်ဝိုက်ရှိ ဒေသခံများ၏ ပံ့ပိုးမှုဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။
ဝန်ကြီးချုပ် အမာဒူ အိုရီဘာသည် အခြေအနေကို အကဲဖြတ်ရန်နှင့် အများပြည်သူဝန်ဆောင်မှုများကို ကြီးကြပ်ရန် အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ဒဏ်ရာရရှိသူများအတွက် ဆေးဘက်ဆိုင်ရာစောင့်ရှောက်မှု၊ အထူးသဖြင့် ဒွန်ကာအမျိုးသားဆေးရုံတွင် ကုသမှုပေးရန်နှင့် ဘေးအန္တရာယ်ကြောင့် ထိခိုက်ခံရသူများကို အကူအညီပေးရန်အတွက် လိုအပ်သော အစီအမံအားလုံးကို လုပ်ဆောင်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ပြည်သူများအနေဖြင့် စိတ်အေးအေးထားရန်၊ စည်းလုံးညီညွတ်မှုကို ပြသရန်နှင့် ကယ်ဆယ်ရေးဝန်ဆောင်မှုများနှင့် သက်ဆိုင်ရာအာဏာပိုင်များ၏ ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန် ဝန်ကြီးချုပ်ကတိုက်တွန်းခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments