အာဖဂန်နစ္စတန်မြောက်ပိုင်းတွင် ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုကြောင့် ၁၆ ဦး ဒဏ်ရာရရှိ
ဩဂုတ် ၂၀
အာဖဂန်နစ္စတန်မြောက်ပိုင်း ဖာရတ်ပြည်နယ်တွင် ယမန်နေ့ညနေပိုင်းက လူနေအိမ်တစ်လုံးအတွင်း ဓာတ်ငွေ့ဆလင်ဒါပေါက်ကွဲမှုကြောင့် လူ ၁၆ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအရာရှိများက ယနေ့တွင် ပြောကြားခဲ့သည်။
အဆိုပါဖြစ်ရပ်သည် ရှီရင်တာဂတ်ခရိုင်ရှိ ဖိုင်ဇာဘတ်ဒေသတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မိသားစုအများအပြားသည် ထိုအိမ်တွင်စုဝေးခဲ့ကြကြောင်း ဖော်ပြထားသည်။ ဒဏ်ရာရရှိသူများတွင် အမျိုးသမီးကိုးဦးနှင့် ကလေးများလည်း ပါဝင်ကြောင်း သတင်းများအရ သိရသည်။
ဒဏ်ရာရရှိသူအားလုံး ကုသမှုခံယူရန် အိမ်နီးချင်း ဘာလ်ခ်ပြည်နယ်ရှိ ပြည်နယ်ဆေးရုံသို့ လွှဲပြောင်းပေးခဲ့ပြီး ခုနစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရဆဲဖြစ်သည်ဟု သိရသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ ဒေသအများအပြားတွင် လျှပ်စစ်မီးရရှိနိုင်မှု အကန့်အသတ်ရှိနေဆဲ သို့မဟုတ် ရရှိနိုင်မှုမရှိသောကြောင့် အိမ်ထောင်စုများသည် မီးထွန်းရန်နှင့် ချက်ပြုတ်ရန်အတွက် ဓာတ်ငွေ့ကို မကြာခဏ အားကိုးနေရလေ့ရှိရာ ဓာတ်ငွေ့သုံးပစ္စည်းများကို မှားယွင်းစွာကိုင်တွယ်ခြင်း သို့မဟုတ် ပေါ့ဆမှုကြောင့် ယိုစိမ့်မှုနှင့် ပေါက်ကွဲမှုများ ဖြစ်ပေါ်စေနိုင်ပြီး ဒေသခံများ၏ ဘေးကင်းရေးအတွက် ပြင်းထန်သောခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနိုင်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments