ဂျပန်နိုင်ငံ၌ ဇူလိုင်လတွင် အလုပ်လက်မဲ့နှုန်း ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ကျဆင်း
ဩဂုတ် ၂၈
ဂျပန်နိုင်ငံ၌ အလုပ်လက်မဲ့နှုန်းသည် ယခင်လက ၂ ဒသမ ၅ ရာခိုင်နှုန်းရှိရာမှ ဇူလိုင်လတွင် ၂ ဒသမ ၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားကြောင်း အစိုးရ၏အချက်အလက်များအရ ယနေ့တွင် သိရသည်။
ဇူလိုင်လတွင် အလုပ်လုပ်ကိုင်သူဦးရေ ၆၈ ဒသမ ၃၁ သန်းရှိရာ အခြေခံအားဖြင့် ယခင်လကထက် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ပြည်ထဲရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အလုပ်လက်မဲ့များတွင် အလုပ်ထုတ်ခံရသူ ၃၈၀၀၀၀ ရှိရာ ယခင်လကထက် ၇ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီး ၇၅၀၀၀၀ သည် ၎င်းတို့ဆန္ဒအလျောက် အလုပ်မှစွန့်ခွာသွားခြင်းဖြစ်ပြီး ယခင်လနှင့် တူညီမှုမရှိကြောင်း ဖော်ပြထားသည်။
ထိုဝန်ကြီးဌာန၏ ပြောကြားချက်အရ အလုပ်အသစ်ရှာဖွေသူဦးရေသည် ၈ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းပြီး ၄၅၀၀၀၀ သာ ရှိတော့သည်ဟု သိရသည်။
တစ်ချိန်တည်းမှာပင် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ သီးခြားဒေတာများအရ ဇူလိုင်လတွင် ပျမ်းမျှအလုပ်အကိုင်ရရှိနိုင်မှုအချိုးသည် ယခင်လနှင့် တူညီခြင်းမရှိပဲ အလုပ်ရှာဖွေသူ ၁၀၀ လျှင် အလုပ်အကိုင် ၁၁၈ နေရာရှိကြောင်း ဖော်ပြထားသည်။
လုပ်ငန်းကဏ္ဍ ၁၁ ခုအနက် ခြောက်ခုတွင် အလုပ်အကိုင်အသစ် ခေါ်ယူမှုများ လျော့ကျခဲ့ရာ ထိုအထဲတွင် တည်းခိုရေးနှင့် အစားအသောက်ဝန်ဆောင်မှုကဏ္ဍမှာ ၁၀ ဒသမ ၇ ရာခိုင်နှုန်းဖြင့် အများဆုံး လျော့ကျခဲ့ပြီး လက်ကားနှင့် လက်လီရောင်းဝယ်ရေးကဏ္ဍသည် ၇ ဒသမ ၃ ရာခိုင်နှုန်းဖြင့် ဒုတိယနေရာတွင် ရပ်တည်ခဲ့သည်ဟု ထိုဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments