၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အခမ်းအနား တောင်ကြီးမြို့၌ ကျင်းပ

 


တောင်ကြီး သြဂုတ် ၁၂

 

၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းအဖွဲ့မှ စာရေးဆရာမ ငွေခြည်လင်းလက်က ဗလငါးတန်ဖြင့် အနာဂတ်ကို တည်ဆောက်ကြစို့ ခေါင်းစဉ်ဖြင့် လည်းကောင်း၊ MyanmarYouth Fellowship မှ MindSpecialist ဆရာ ဦးတင်နိုင်ထွန်းက လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးရေးအတွက် လေးလေးနက်နက် စဉ်းစားတွေးခေါ်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း အသိပညာပေး ဟောပြောကြပြီး ဉာဏ်စမ်းပြိုင်ပွဲ ကျင်းပကာ ဆုလက်ဆောင်များ ချီးမြှင့်ပေးအပ်ကြသည်။

 

အမှာစကားပြောကြား

အဆိုပါ အခမ်းအနားတွင် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုးက အမှာစကား ပြောကြားခြင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် အသိပညာပေး ဟောပြောသည့် ဆရာ ဆရာမများအား အမှတ်တရလက်ဆောင် ပစ္စည်းများ ပေးအပ်ခြင်း၊ ပြည်နယ် မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကိုဖတ်ကြားခြင်း၊ ၂၀၂၆ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် လူငယ်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဗီဒီယို ကိုပြသခြင်းများ ဆောင်ရွက်ကြပြီး ပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများက လူငယ့်စွမ်းရည် လူငယ်ဂုဏ်ပြုတေးသီချင်း၊ ထာဝရသစ္စာ တေးသီချင်း၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအကဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

 

အခမ်းအနားသို့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူငယ်မောင်မယ်များနှင့် တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments

Powered by Blogger.