နီပေါနိုင်ငံ၌ ဘိုတေကိုရှီမြစ်ရေ မြင့်တက်လာသဖြင့် ရေကြီးရေလျှံမှု သတိပေးချက်အသစ် ထုတ်ပြန်



ဩဂုတ် ၂၈

နီပေါနိုင်ငံ၌ ဘိုတေကိုရှီမြစ်၏ အပျက်အစီးများနှင့်  ရွှံ့များ ရောနှောနေသော ရေများ မြင့်တက်လာသဖြင့် နီပေါအာဏာပိုင်များသည် နောက်ထပ် ရေကြီးရေလျှံမှုတစ်ခုအတွက် ယနေ့တွင် သတိပေးချက်အသစ် ထုတ်ပြန်ခဲ့သည်။

ဩဂုတ်လ ၂၆ ရက်နေ့တွင် ရေကြီးရေလျှံမှုကြီး ဖြစ်ပွားခဲ့သည့် ရာဆူဝါရှိ ဘိုတေကိုရှီမြစ်၏ အပျက်အစီးများနှင့် ရွှံ့များ ရောနှောနေသော ရေစီးဆင်းမှုသည် ယနေ့တွင် ထပ်မံမြင့်တက်လာကြောင်း အမျိုးသားဘေးအန္တရာယ်လျှော့ချရေးနှင့် စီမံခန့်ခွဲရေးအာဏာပိုင်အဖွဲ့က ပြောကြားခဲ့သည်။

နောက်ထပ်ရေကြီးရေလျှံမှုတစ်ခု ဖြစ်ပွားနိုင်ခြေရှိသောကြောင့် ဘိုတေကိုရှီနှင့် ထရီရှူလီမြစ်များ တစ်လျှောက် ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူအားလုံးအပြင် အန္တရာယ်များသော နေရာများတွင် ရှိနေသူတိုင်းသည် အန္တရာယ်တွေ့ရှိပါက အထူးသတိထားရန်နှင့် ဘေးကင်းသောနေရာသို့ ချက်ချင်းပြောင်းရွှေ့ရန် ၎င်းအဖွဲ့က တိုက်တွန်းခဲ့သည်။


နီပေါနိုင်ငံတွင် ရေကြီးရေလျှံမှုကြောင့် လူ ၄၆၉ ဦး ထက်မနည်းသေဆုံးပြီး ၉၇၇ ဦး ပျောက်ဆုံးလျက်ရှိကြောင်း ဒေသန္တရအာဏာပိုင်များ၏ ပြောကြားချက်အရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.