အမေရိကန်နိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုကြောင့် ခုနစ်ဦး သေဆုံး
ဩဂုတ် ၁၇
အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင် ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် လူခုနစ်ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်အရေးပေါ်လုပ်ငန်းဆောင်ရွက်ရေးဌာနက ယမန်နေ့ကအတည်ပြုခဲ့သည်။
ရေဘေးသင့် ဟယ်မီလ်တန်ဒေသတွင် White River သည် ဩဂုတ်လ ၁၅ ရက်နေ့က ရေကြီးမှုအမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့ရာ ၁၉၁၃ ခုနှစ်က ရေကြီးမှုစံချိန်ကို ချိုးဖျက်ခဲ့ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်ကိုကိုးကား၍ ဒေသခံမီဒီယာများက ယမန်နေ့ကဖော်ပြခဲ့သည်။
ဟယ်မီလ်တန်ဒေသ ကာမဲလ်မြို့ရှိ နေအိမ်များနှင့် စီးပွားရေးလုပ်ငန်းများ အပါအဝင် အနည်းဆုံး အိမ်ခြံမြေ ၂၁၅ ခုသည် ရေကြီးရေလျှံမှုကြောင့် ထိခိုက်ခဲ့ရပြီး ဒေသခံ ၄၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် ဖိအားပေးခဲ့သည်ဟု သိရသည်။
အနီးနားရှိ နိုဘယ်လ်စ်ဗီးလ်မြို့တွင် ပြီးခဲ့သည့် ၇၂ နာရီအတွင်း ဒေသခံ ၁၇၀ ဦးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီး သမိုင်းဝင်ရေကြီးရေလျှံမှုကြောင့် လူနေအိမ် ၅၅၀ ခန့် ထိခိုက်ခဲ့ကြောင်းနှင့် နှစ် ၃၀ ကျော်အတွင်း မကြုံစဖူး ရေကြီးရေလျှံမှုနှင့် ရင်ဆိုင်နေရကြောင်း အင်ဒီယားနားပိုလစ်မြို့တော်ဝန် ဂျိုးဟော့ဆက်က ဩဂုတ်လ ၁၅ ရက် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။
အမေရိကန်အလယ်ပိုင်းဒေသတွင် ပြီးခဲ့သည့်အပတ်အတွင်း ပြင်းထန်သောရာသီဥတုဒဏ်ကို ခံစားခဲ့ရပြီး အီလီနွိုက်၊ အင်ဒီယားနားနှင့် အနောက်ဗာဂျီးနီးယားဒေသများတွင် ရေကြီးရေလျှံမှုစောင့်ကြည့်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကာ နောက် ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့် မိုးကြိုးမုန်တိုင်းများ ထပ်မံဖြစ်ပွားနိုင်သည်ဟု မျှော်လင့်ရကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို
.jpg)
No comments