အယ်လ်နီညိုအခြေအနေကြောင့် ကိုလံဘီယာနိုင်ငံတွင် တောမီးများ ပိုမိုပြင်းထန်လာ



ဩဂုတ် ၂၅

ကိုလံဘီယာနိုင်ငံ၏အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုဌာနက အယ်လ်နီညိုအခြေအနေကြောင့် ပြည်နယ်သုံးခုတွင် တောမီး ၁၂ ခု ဆက်လက်လောင်ကျွမ်းနေဆဲဖြစ်ကြောင်း ယမန်နေ့ကပြောကြားခဲ့သည်။

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း တောမီး ၈၄ ခု ငြိမ်းသတ်နိုင်ခဲ့ကြောင်း အေဂျင်စီက ပြောကြားခဲ့သည်။ တိုလီမာပြည်နယ်တွင်  တောမီး ၁၀ ခု လောင်ကျွမ်းမှုဖြစ်ပွားနေပြီး ကယ်ဒါ့စ်နှင့် ဟွေလာတို့တွင် တောမီး တစ်ခုစီ လောင်ကျွမ်းလျက်ရှိသည်ဟု သိရသည်။

တိုလီမာပြည်နယ်တွင် တောမီးအပြင်းထန်ဆုံးထိခိုက်ခဲ့သော မြို့နယ်များအနက်တစ်ခုဖြစ်သော ကိုလိုမြို့နယ်၏မြို့တော်ဝန်ဟာရဲရာက မီးငြှိမ်းသတ်ရန် မြေပြင်အင်အားလုံလောက်မှုမရှိသောကြောင့် လေကြောင်းဖြင့်မီးငြှိမ်းသတ်ရန် ရဟတ်ယာဉ်များ လိုအပ်လျက်ရှိသဖြင့် အစိုးရထံမှ ချက်ချင်းကူညီပေးရန် တောင်းခံခဲ့သည်။

ဟာရဲရာက မြို့နယ်အခြေအနေဆိုးရွားနေပြီး အပူချိန်မြင့်မားမှု၊ လေပြင်းတိုက်ခတ်မှုနှင့် တောမီးလောင်မှုအရေအတွက်များပြားခြင်းကြောင့် မီးလောင်ကျွမ်းမှုများကို အပြည့်အဝထိန်းချုပ်ရန် ခက်ခဲလျက်ရှိကြောင်း Noticias Caracol သတင်းဌာနသို့ ပြောကြားခဲ့သည်။

ကိုလိုရှိကျေးလက်ဒေသသုံးခုတွင် လက်ရှိလောင်ကျွမ်းနေသော တောမီးခြောက်ခုရှိပြီး ဒေသခံ မီးသတ်တပ်ဖွဲ့ဝင်အင်အားနှင့် အရင်းအမြစ်လုံလောက်မှုမရှိဟု ၎င်းက ဆိုသည်။

ကယ်ဆယ်ရေးနှင့် တောမီးငြှိမ်းသတ်ရေး အထူးကျွမ်းကျင်သူ ၁၀၀ ခန့်သည် ဒေသခံပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေကြသော်လည်း ရဟတ်ယာဉ်အကူအညီကို အရေးပေါ်လိုအပ်လျက်ရှိပြီး လေကြောင်းအကူအညီရရှိမှသာ အပူချိန်ကို လျှော့ချနိုင်ပြီး မြေပြင်မီးသတ်တပ်ဖွဲ့များ မီးလောင်ရာနေရာများသို့ ပိုမိုထိရောက်စွာ ရောက်ရှိနိုင်မည်ဟု ၎င်းက ပြောကြားသည်။

ကိုလိုမြို့နယ်တစ်ခုတည်းမှာပင် မြေဧရိယာ ဟက်တာ ၂၀၀၀ ကျော်၊ လူဦးရေ ၇၀၀၀ ခန့်လည်း ထိခိုက်မှုရှိခပြီး အထူးသဖြင့် ချာဂွာလာ ကျေးလက်ဒေသတွင် ထိခိုက်မှုများပြားကြောင်း ဖော်ပြထားသည်။

ကိုလံဘီယာနိုင်ငံတွင် တောမီးလောင်ကျွမ်းမှုများသည် ဩဂုတ်လအစောပိုင်းကတည်းက စတင်ဖြစ်ပွားလာခဲ့ရာ အဓိကအားဖြင့် အယ်လ်နီညိုရာသီဥတုအခြေအနေနှင့် ဆက်စပ်လျက်ရှိပြီး အာဏာပိုင်များ၏ ခန့်မှန်းချက်အရ အယ်လ်နီညိုအခြေအနေသည် ၂၀၂၇ ခုနှစ် မတ်လအထိ ဆက်လက်ရှိနေနိုင်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.