ဖိလစ်ပိုင်နိုင်ငံရှိ စာသင်ကျောင်းတွင် ပစ်ခတ်မှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံး၊ ကိုးဦးဒဏ်ရာရ



ဩဂုတ် ၁၈

ဖိလစ်ပိုင်တောင်ပိုင်း ဇမ်ဘိုအန်ဂါမြို့ရှိ အလယ်တန်းကျောင်းတစ်ကျောင်းတွင် ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ တစ်ဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ကြောင်းနှင့် သံသယရှိသူသည် ကျောင်းဝင်းအတွင်း မိမိကိုယ်ကိုယ်သတ်သေသွားသဖြင့် သေဆုံးသူနှစ်ဦးအထိရှိလာကြောင်း ဒေသခံမြို့တော်ဝန်က ပြောကြားခဲ့သည်။

ဇမ်ဘိုအန်ဂါမြို့တော်ဝန် ခိုင်မာ အာဒန် အိုလာဆို၏ ပြောကြားချက်အရ တိုက်ခိုက်မှုသည် နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် Ateneo de Zamboanga အလယ်တန်းကျောင်းဝင်း၌ ဖြစ်ပွားခဲ့သည်ဟု သိရသည်။ သံသယရှိသူဖြစ်သော ခုနစ်တန်းကျောင်းသားသည် ရိုင်ဖယ်နှင့် လက်ကိုင်သေနတ်တစ်လက်ကို ကိုင်ဆောင်ကာ ကျောင်းအတွင်းဝင်ရောက်ပြီး ကျောင်းသားများနှင့် ဆရာ၊ ဆရာမများကို ပစ်ခတ်ပြီးနောက် မိမိကိုယ်ကိုယ် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။


ဒဏ်ရာရသူတစ်ဦး သေဆုံးကြောင်း အတည်ပြုထားပြီး ကျန်ကိုးဦးကို ဆေးရုံသို့ ပို့ဆောင်ထားကြောင်းနှင့် ကျောင်းဝင်းကိုပိတ်ထားခဲ့ပြီး ၎င်းတို့၏ကလေးများကိုခေါ်ဆောင်ရန် မိဘများ ရောက်ရှိလာလျက်ရှိကြောင်း မြို့တော်ဝန်က ပြောကြားခဲ့သည်။

ဒေသခံရဲတပ်ဖွဲ့သည် သံသယရှိသူ၏ရည်ရွယ်ချက်ကို ပိုမိုသိရှိနိုင်ရန် ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးလျက် ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.