လာအိုနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုနှင့်ပတ်သက်၍ သတိပေးချက်ထုတ်ပြန်



ဩဂုတ် ၁၈

လာအိုစိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာနအောက်ရှိ မိုးလေဝသနှင့် ဇလဗေဒဌာနသည် နိုင်ငံတစ်ဝန်းရှိ ပြည်နယ်ရှစ်ခုတွင် သြဂုတ်လ ၁၈ ရက်မှ ၂၁ ရက်အတွင်း မိုးကြိုးမုန်တိုင်းများနှင့် အလွန်သည်းထန်စွာရွာသွန်းမှုများဖြစ်ပေါ်နိုင်ကြောင်းခန့်မှန်းထားပြီး မိုးသည်းထန်စွာရွာသွန်းမှု နှင့်ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားသည်။

ယမန်နေ့ကထုတ်ပြန်ခဲ့သောသတိပေးကြေညာချက်တွင် နိုင်ငံအလယ်ပိုင်းနှင့်မြောက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတစ်ခု ရွေ့လျားနေပြီး အနောက်တောင်မုတ်သုံလေနှင့် အချို့ဒေသများတွင် လေပြင်းတိုက်ခတ်မှုများပေါင်းစပ်ကာ နိုင်ငံတစ်ဝန်း မိုးကြိုးမုန်တိုင်းအနည်းငယ်မှ အသင့်အတင့် ရွာသွန်းမှုများ ဖြစ်ပေါ်နိုင်သည်ဟု ဖော်ပြထားသည်။ အထူးသဖြင့် ဟွာဖန်၊ လောင်နမ်သာ၊ ဘိုကီယို၊ လောင်ပရာဘန်၊ ဇေယာဘူရီ၊ ဘိုလီခမ်းဆိုင်း၊ ခမ်းမွမ်းနှင့် ဆာဗက်နဗက်ပြည်နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမည်ဟု ခန့်မှန်းထားသည်။

အာဏာပိုင်များက ဒေသခံလူမှုအသိုင်းအဝိုင်းများ၊ အဖွဲ့အစည်းများနှင့် ဒေသခံများအနေဖြင့် အလယ်အလတ်မှ သည်းထန်စွာရွာသွန်းမှု ရက်အတော်ကြာ ဆက်တိုက်ဖြစ်ပေါ်နိုင်သည့်အတွက် သတိထားကြရန်နှင့် ရေကြီးရေလျှံမှုများ၊ မြေပြိုမှုများနှင့် မြို့ပြရေကြီးမှုများ ဖြစ်ပေါ်စေနိုင်သည့်အတွက် ကြိုတင်ပြင်ဆင်ထားရန် တိုက်တွန်းထားသည်။

တောင်တန်းဒေသများကို ဖြတ်သန်းသွားလာသူများသည် ထွက်ခွာခြင်းမပြုမီ မိုးလေဝသခန့်မှန်းချက်များ၊ လမ်းအခြေအနေများနှင့် ယာဉ်အသင့်အတင့်ရှိမှုတို့ကို စစ်ဆေးရန် အကြံပြုထားသည်။ မိုးလေဝသနှင့် ဇလဗေဒဌာနမှနောက်ဆုံးရသတင်းများကို ဆက်လက်စောင့်ကြည့်ရန်လည်း ပြည်သူများအား တိုက်တွန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.