ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ဦးမောင်မောင်အုန်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များအား တွေ့ဆုံ
ရန်ကုန် သြဂုတ် ၂၀
ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ အဖွဲ့ဝင် ဦးမောင်မာင်အုန်း သည် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များနှင့် ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ရုံး နဝရတ် ခန်းမ၌ တွေ့ဆုံသည်။
ဆွေးနွေးတင်ပြ
ဦးစွာ ပြည်ထောင်စုအဆင့် လွှတ်တော်များအကြောင်း၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအသစ်နှင့် ထွန်းလင်း တောက်ပလာမည့် မြန်မာ့အနာဂတ် မှတ်တမ်း ဗီဒီယိုကို ကြည့်ရှုအားပေးကြပြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက အဖွင့်အမှာစကားပြောကြား၍ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်က တိုင်းဒေသကြီးလွှတ်တော်ရေးရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲများအပြီး နိုင်ငံရေး အခင်းအကျင်းသစ်နှင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေချိန်တွင် အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်နှင့် တရား စီရင်ရေးမဏ္ဍိုင် စသည့် မဏ္ဍိုင် ကြီး (၃)ရပ် အပြန်အလှန်ညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပြီး နိုင်ငံတော်၊ လွှတ်တော်နှင့် ပြည်သူလူထု ပူးပေါင်းကာ နိုင်ငံတော် ဖွံဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ ဒေသခံမဲဆန္ဒရှင် ပြည်သူလူထု၏ လိုအပ်ချက်များကို ထင်ဟပ်သည့် မေးခွန်းများ၊ အဆိုများကို လွှတ်တော်ကိုယ်စား လှယ်များက တိုင်းဒေသကြီး လွှတ်တော်တွင် တင်ပြဆွေးနွေး၍ ဒေသခံပြည်သူလူထု၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်၊ လက်ရှိ အခြေအနေနှင့် ကိုက်ညီသော ဥပဒေများ ပြင်ဆင်ဖြည့်စွက် အသစ်ရေးဆွဲ ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်စေလိုကြောင်း၊ ပြည်ထောင်စုလွှတ်တော် အနေဖြင့် အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ ဥပဒေကို အသစ်ရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့ကြောင်း၊ လွှတ်တော်အချင်းချင်း ပူးပေါင်းဆောင်ရွက်ပြီး ဒေသ၏ အကျိုးကို ထိရောက်စွာ ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ လွှတ်တော် ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်ရေးအတွက်လည်း ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားသည်။
ထို့ပြင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံး အတွက် အမှတ်တရ လက်ဆောင်များပေးအပ်ပြီး ရန်ကုန်တိုင်း ဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမကို လှည့်လည် ကြည့်ရှုကာ အခမ်းအနားသို့ တက်ရောက်လာသည့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များနှင့် လွှတ်တော်ရုံး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments