မြန်မာလက်ရွေးစင်အသင်း လာအိုကို ဂိုးပြတ်အနိုင်ရရှိ
ရန်ကုန် ဩဂုတ် ၄
အာဆီယံ
ဟွန်ဒိုင်းဖလားပြိုင်ပွဲ အုပ်စု (B) ပွဲစဉ်အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့်
လာအိုအသင်းတို့ ယနေ့ ညနေ ၄ နာရီခွဲက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ
မြန်မာအသင်းက ခုနစ်ဂိုး နှစ်ဂိုးဖြင့်
ဂိုးပြတ်အနိုင်ရရှိခဲ့သည်။
ယနေ့ပွဲစဉ်တွင်
မြန်မာအသင်းသည် ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ပွဲကိုစတင်နိုင်ခဲ့ပြီး ပွဲအစ ၂
မိနစ်မှာပင် မောင်မောင်လွင် ပေးပို့လိုက်သည့်ဘောလုံးကို လွင်မိုးအောင်က
အားပါပါဖြင့်ကန်သွင်းကာ ဦးဆောင်ဂိုး စတင်သွင်းယူခဲ့သည်။
ထို့နောက်
ပွဲချိန် ၁၇ မိနစ်တွင် ချာန်ဗန်ဂလီယန်က လာအိုအသင်းအတွက် ချေပဂိုး ပြန်လည်သွင်းယူခဲ့သော်လည်း
၂၀ မိနစ်တွင် ဝင်းနိုင်ထွန်းက မြန်မာအသင်းအတွက် ဒုတိယဦးဆောင်ဂိုး
ထပ်မံသွင်းယူပေးခဲ့သည်။
ပွဲချိန်
၂၄ မိနစ်တွင် ဆန်ဗီလေးက လာအိုအသင်းအတွက် ဒုတိယမြောက် ချေပဂိုး ပြန်လည်သွင်းယူကာ
ဖိအားပေး နိုင်ခဲ့သော်လည်း ၄၁ မိနစ်တွင် မောင်မောင်လွင်၏ ထောင့်ကန်ဘောမှတစ်ဆင့်
ဝင်းနိုင်ထွန်းက တတိယဂိုး၊ ပွဲချိန် (၄၅+၅) မိနစ်တွင် မောင်မောင်လွင်က
ပင်နယ်တီမှတစ်ဆင့် စတုတ္ထဂိုး ရယူပေးခဲ့သဖြင့် ပထမပိုင်းအပြီးတွင် မြန်မာအသင်းက
လေးဂိုး နှစ်ဂိုးဖြင့် ဦးဆောင်နိုင်ခဲ့သည်။ မြန်မာအသင်းသည် ပထမပိုင်းအတွင်း
ဂိုးပေါက်ကန်သွင်းမှု လေးကြိမ်တွင် ၃ ကြိမ်အထိ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့သည်။
ဒုတိယပိုင်း
ပွဲအစ ၅၂ မိနစ်တွင် သန်းပိုင်က ပဥ္စမမြောက်ဂိုးကို သွင်းယူပေးခဲ့ပြီး ၅၃ မိနစ်တွင်
မြတ်ကောင်းခန့် လာအိုဂိုးသမားကိုကျော်ဖြတ်ကာ ပေးပို့မှုမှတစ်ဆင့် လွင်မိုးအောင်
ကန်သွင်းခွင့်ရခဲ့သော်လည်း ဂိုးပေါက်နှင့် လွဲချော်ခဲ့သည်။ ပွဲချိန် ၈၁ မိနစ်တွင်
လူစားဝင်လာသည့် ဟိန်းထက်အောင်က ဆဌမဂိုးနှင့် ၈၃ မိနစ်တွင် ဝင်းနိုင်ထွန်းက ၎င်း၏
ဟက်ထရစ်ဂိုးဖြစ်သည့် ခုနစ်ဂိုးမြောက်ဂိုးကို ထပ်မံသွင်းယူပေးခဲ့သည်။
ယနေ့ပွဲစဉ်
၆၈ မိနစ်တွင် မောင်မောင်လွင်နှင့် လာအိုအသင်းမှ ဆိုင်းဖွန် ကီအိုဟာနမ်တို့
တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရသဖြင့် အသင်းခေါင်းဆောင် မောင်မောင်လွင်အနေဖြင့်
လာမည့်ထိုင်းအသင်းနှင့် ပွဲစဉ်တွင် ပါဝင်ခွင့်လွဲချော်ရတော့မည် ဖြစ်သည်။
ယနေ့ပွဲစဉ်တွင် မြန်မာအသင်း ဘောလုံးပိုင်ဆိုင်မှုအသာဖြင့်
ဦးဆောင်တိုက်စစ်ဆင်ကစားခဲ့ပြီး လာအိုနောက်တန်းခံစစ်ကို ထိုးဖောက်ကာ ဂိုးပြတ်သွင်းယူနိုင်ခဲ့သည်။
လာမည့် ဩဂုတ် ၈ ရက် ထိုင်းအိမ်ကွင်း၌ ကစားရမည့်ပွဲစဉ်တွင် မြန်မာအသင်းအနေဖြင့် မလေးရှားအသင်းနှင့်
ပွဲတူ ရမှတ်တူနေသဖြင့် အစွမ်းကုန်ကြိုးစား ရမည်ဖြစ်သည်။
နေမျိုး၊ ဓာတ်ပုံ-MFF

No comments