ကမ္ဘောဒီးယားနိုင်ငံ၌ မဲခေါင်မြစ်ရေကြီးမှုကြောင့် မိသားစု ၁၃၀၀၀ ကျော် ထိခိုက်
ဩဂုတ် ၂၆
ကမ္ဘောဒီးယားနိုင်ငံတွင် မဲခေါင်မြစ်ရေကြီးမှုကြောင့် ပြည်နယ်လေးခုရှိ မိသားစု ၁၃၆၈၈ စု ထိခိုက်ခဲ့ရပြီး မိသားစု ၁၅၅၁ စု ကုန်းမြင့်ဒေသများသို့ပြောင်းရွှေ့ခဲ့ရကြောင်း ဘေးအန္တရာယ် ထိန်းချုပ်ရေး ပြောရေးဆိုခွင့်ရှိသူက ယမန်နေ့က ပြောကြားခဲ့သည်။
အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ (NCDM) ၏ ပြောရေးဆိုခွင့်ရှိသူ ဆော့သ် ကင်မ် ကော်လ်မိုနီ က ခရတီ၊ တဘောင်းမွမ်၊ စတုံထရန်နှင့် ကမ်ပွန်ချမ်ပြည်နယ်များသည် ဩဂုတ်လ ၂၁ ရက်မှစ၍ တိုင်ဖွန်း ဆော်ဒယ်လ်၏နောက်ဆက်တွဲကြောင့် ပြင်းထန်သောရေကြီးမှုနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
၎င်းတို့အနက် ခရတီ၊ တဘောင်းမွမ် တို့သည် ထိခိုက်မှုအဆိုးရွားဆုံးဖြစ်ပြီး မိသားစု ၇၉၃၄ နှင့် ၃၉၅၁ စု အသီးသီး ထိခိုက်ခဲ့ရသည်ဟု ကင်မ် ကော်လ်မိုနီက ပြောကြားခဲ့သည်။
ရေမြင့်တက်လာမှုကြောင့် အိမ်ခြေ ၉၀၀၀ ကျော် ရေလွှမ်းမိုးခဲ့ပြီး စပါးခင်း ၄၀၀၀ ဟက်တာကျော် ရေနစ်မြုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဇူလိုင်လနှင့် အောက်တိုဘာလအတွင်း မဲခေါင်မြစ်ရေကြီးမှု မကြာခဏကြုံတွေ့ရလေ့ရှိပြီး ပြီးခဲ့သည့်နှစ်က ရေကြီးမှုကြောင့် သေဆုံးသူ ၁၉ ဦး ရှိခဲ့သည်ဟု အမျိုးသားဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ၏ပြောကြားချက်အရ သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments