ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင်ကျင်းပသည့် အကြိမ်(၂၀)မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာခရီးသွားပြပွဲနှင့် ဆက်စပ်အစီအစဉ်များသို့ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်
နေပြည်တော် ဩဂုတ် ၃၁
ဗီယက်နမ်နိုင်ငံ ယဉ်ကျေးမှု၊ အားကစားနှင့်
ခရီးသွားလာရေးဝန်ကြီးဌာနနှင့် ဟိုချီမင်းမြို့ ပြည်သူ့ရေးရာကော်မတီတို့၏ ဦးဆောင်မှုဖြင့်
အကြိမ်(၂၀)မြောက် ဟိုချီမင်း အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲနှင့် ဆက်စပ်အစည်းအဝေးများကို
ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ဩဂုတ် ၂၅ ရက်မှ ၂၈ ရက်အထိ ကျင်းပရာ ယဉ်ကျေးမှု၊
ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့် ဦးဆောင်သည့်
မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည်။
ခရီးစဉ်အတွင်း အကြိမ်(၂၀)မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ
ခရီးသွားပြပွဲအထိမ်းအမှတ် ကြိုဆိုညစာစားပွဲနှင့် Vietnam Night ကို “The Beat of
ITE HCMC” ခေါင်းစဉ်ဖြင့် ဩဂုတ်၂၆ ရက်တွင် GEM Center ၌ကျင်းပရာ ဗီယက်နမ်နိုင်ငံ ဒုတိယဝန်ကြီးချုပ်၊
ဗီယက်နမ်နိုင်ငံယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့်
တာဝန်ရှိသူများ၊ ဟိုချီမင်းမြို့တော် ပါတီကော်မတီ၊ ဟိုချီမင်းပြည်သူ့ကော်မတီ၊ ဟိုချီမင်းမြို့တော်နှင့်
ပြည်နယ်ကော်မတီများမှ တာဝန်ရှိသူများ၊ CLMV နှင့် ACMECS နိုင်ငံများ၏ ခရီးသွားလာရေး
ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism) မှ တာဝန်ရှိသူများ၊
နိုင်ငံတကာမြို့များမှ မြို့တော်ဝန်နှင့် အုပ်ချုပ်သူများ၊ ဗီယက်နမ်အမျိုးသားခရီးသွား
လုပ်ငန်းအာဏာပိုင်အဖွဲ့၊ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၊ ကမ္ဘောဒီးယား၊ လာအို၊
မြန်မာနိုင်ငံ တို့ရှိ ခရီးသွားလုပ်ငန်းဝန်ကြီးဌာနများ၊ ပြပွဲသို့တက်ရောက်လာသည့်နိုင်ငံများမှ
ကိုယ်စားလှယ်များ နှင့် Buyer ၊ Seller များ၊ Media များ တက်ရောက်ခဲ့ကြသည်။
ဆက်လက်၍ အကြိမ်(၂၀)မြောက် ဟိုချီမင်းအပြည်ပြည်ဆိုင်ရာ
ခရီးသွားပြပွဲဖွင့်ပွဲကို ဩဂုတ် ၂၇ ရက်တွင် SECC – Exhibition Hall ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ဝင်များသည်
ခရီးသွား ပြပွဲအတွင်း မြန်မာနိုင်ငံ ကိုယ်စားပြုခရီးသွားပြခန်းနှင့် အခြားနိုင်ငံများမှ
နိုင်ငံအလိုက် ဖွင့်လှစ်ထားသည့် ခရီးသွားပြခန်းများ၊ ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်လုပ်ငန်းများမှ
ဖွင့်လှစ်ထားသည့် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ဆက်လက်၍ MICE အဆင့်မြင့်ခရီးသွားလုပ်ငန်းဖိုရမ်ကို
ဩဂုတ် ၂၇ ရက် နံနက်ပိုင်းတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့
တက်ရောက်ကြပြီး အဆိုပါဖိုရမ်တွင် ဗီယက်နမ်အမျိုးသား ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့မှ
ညွှန်ကြားရေးမှူးချုပ်၊ ဟိုချီမင်းပြည်သူ့ ကော်မတီ၏ ဒုတိယအမြဲတမ်းဥက္ကဋ္ဌ၊ ဗီယက်နမ်နိုင်ငံ
ဒုတိယဝန်ကြီးချုပ်တို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး ကမ္ဘောဒီးယားနိုင်ငံ
ခရီးသွားဝန်ကြီးဌာန ဝန်ကြီးက နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ MICE ခရီးသွားလုပ်ငန်းနှင့်စပ်လျဉ်းသည့်
အကြောင်းအရာများကို Keynote Speaker များက ဆွေးနွေးတင်ပြခဲ့ကြသည်။
မွန်းလွဲပိုင်းတွင် (၇)ကြိမ်မြောက်
ACMECS ခရီးသွားဝန်ကြီးများ အစည်းအဝေးကို REX Hotel ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံ
ယဉ်ကျေးမှု၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက သဘာပတိအဖြစ်
ဆောင်ရွက်ခဲ့သည်။
ယင်းနောက် (၈)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ခရီးသွားဝန်ကြီးများ
အဆင့်အစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲ အစီအစဉ်ကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့်
တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အကြိမ်(၂၀)မြောက် ဟိုချီမင်း
အပြည်ပြည်ဆိုင်ရာ ခရီးသွားပြပွဲတွင် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၄၀ မှ ခရီးစဉ်ဝယ်ယူသူများ၊
ရောင်းချသူများနှင့် ပြခန်းပါဝင်ပြသသူများ တက်ရောက်ခဲ့ပြီး (၇)ကြိမ်မြောက် ACMECS ခရီးသွားဝန်ကြီးများ အစည်းအဝေးနှင့်
(၈)ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ခရီးသွားဝန်ကြီးများ အစည်းအဝေးသို့ သက်ဆိုင်ရာနိုင်ငံများမှ
ခရီးသွားဝန်ကြီးများနှင့် တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments