တိုကျိုမြို့ တိရစ္ဆာန်ရုံရှိ ခြင်္သေ့သုံးကောင် အပူလွန်ကဲမှုကြောင့် သေဆုံး
ဩဂုတ် ၄
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ တိရစ္ဆာန်ရုံတစ်ခုတွင် ခြင်္သေ့သုံးကောင်သေဆုံးသွားရာ တိရစ္ဆာန်ဆရာဝန်များက အပူရှပ်ပြီးသေဆုံးသွားခြင်းဖြစ်ဖွယ်ရှိသည်ဟု ပြောကြားသည်။
တာမာတိရစ္ဆာန်ရုံရှိ ခြင်္သေ့ ၁၆ ကောင်အနက် ၁၀ ကောင်သည် ဇူလိုင်လလယ်တွင် ဖျားနာခဲ့ပြီး အချို့ ခြင်္သေ့များ မတ်တပ်မရပ်နိုင်၊ အခြားခြင်္သေ့များ အစာစားချင်စိတ်မရှိတော့ကြောင်း သိရသည်။
ဝန်ထမ်းများက ထိုခြင်္သ့များ၏ခန္ဓာကိုယ်ကို အအေးခံပြီး ဆေးဝါးများပေးခြင်းဖြင့် ကုသရန်ကြိုးစားခဲ့သော်လည်း အသက်သုံးနှစ်အရွယ် အမတစ်ကောင်သည် ဇူလိုင်လ ၂၈ ရက်နေ့တွင် သေဆုံးခဲ့သည်။ ၎င်းနောက် ဇူလိုင်လ ၃၁ ရက်နေ့တွင် အသက် ၁၁ နှစ်အရွယ် အမတစ်ကောင်နှင့် သြဂုတ်လ ၂ ရက်နေ့တွင် အသက် ၁၅ နှစ်အရွယ် အမတစ်ကောင်တို့ သေဆုံးသွားခဲ့သည်။
တိရစ္ဆာန်ဥယျာဉ်ဘက်က ခြင်္သေ့များ သေဆုံးခဲ့သည့်ဖြစ်ရပ်များကို အလေးအနက်ထား ဆောင်ရွက်နေပြီး ရောဂါလက္ခဏာများ ပြသနေဆဲဖြစ်သော ကျန်ရှိသည့် ခြင်္သေ့များကိုလည်း ဆက်လက်ကုသပေးလျက်ရှိကာ ၎င်းတို့၏ ကျန်းမာရေးကို အနီးကပ် စောင့်ကြည့်စီမံသွားမည်ဟု ဆိုသည်။
ထို့အပြင် ခြင်္သေ့ပြခန်းကို မည်သည့်အချိန်တွင် ပြန်လည်ဖွင့်လှစ်မည်ဆိုသည်ကိုလည်း ယခုအချိန်အထိ မဆုံးဖြတ်ရသေးကြောင်း ပြောကြားခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-မြင့်မြင့်ချို
No comments