အိန္ဒိယနိုင်ငံ ဒေလီတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ်များ အနှောင့်အယှက်ဖြစ်ပေါ်
ဩဂုတ် ၂၅
အိန္ဒိယနိုင်ငံ ဒေလီမြို့တော်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လေယာဉ်ခရီးစဉ် ၁၅ ခုခန့်ကို အခြားမြို့များသို့ လမ်းကြောင်းပြောင်းခဲ့ရကြောင်း ဖော်ပြထားသည်။
အဆိုပါလမ်းကြောင်းပြောင်းခဲ့ရသော လေယာဉ်ခရီးစဉ်များတွင် နိုင်ငံတကာလေယာဉ်ခရီးစဉ် သုံးစင်းပါဝင်ကြောင်း ဒေလီရှိအင်ဒီရာဂန္ဒီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေလီလေဆိပ်မှထွက်ခွာသော လေယာဉ်ခရီးစဉ်များလည်း အနှောင့်အယှက်ဖြစ်ပေါ်ခဲ့ရသည့်အပြင် ရေကြီးရေလျှံမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်ကာ လူများသည် လမ်းမများပေါ်တွင် နာရီပေါင်းများစွာ ပိတ်မိနေခဲ့ကြသည်ဟု သိရသည်။
အိန္ဒိယမိုးလေဝသဌာနမှသတိပေးချက်တစ်ခုအရ လာမည့် ၂၄ နာရီအတွင်း မိုးပိုမိုရွာသွန်းနိုင်သည်ဟု သိရသည်။
ဒေလီမြို့နှင့် အနီးဝန်းကျင်ဒေသများတွင် ရာသီဥတုဆိုးရွားနေမှုကို ထည့်သွင်းစဉ်းစားပြီး အစိုးရအာဏာပိုင်များက ဂူရ်ဂရမ်မြို့တွင် ဩဂုတ် ၂၅ ရက်နေ့၌ နေအိမ်မှအလုပ်လုပ်ရန် အကြံပြုချက်များ ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments