အပြောင်းအလဲများစွာနှင့် အသွင်သစ် M-League ပြိုင်ပွဲ ပွဲစဉ် (၁) သြဂုတ် ၂၈ ရက် စတင်ကျင်းပမည်

 


ရန်ကုန်     ဩဂုတ်    ၂၇

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မြန်မာလိဂ်က   ကြီးမှူး၍  AYA Bank  နှင့်  AYA Pay တို့၏  အဓိကပံ့ပိုးကူညီမှုဖြင့်   ကျင်းပသည့်   ၂၀၂၆-၂၀၂၇   ရာသီ  M-League ပြိုင်ပွဲ ပွဲစဉ် ()ကို သြဂုတ်   ၂၈   ရက်တွင်    စတင်ကျင်းပမည်ဖြစ်ပြီး လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ရာသီကြိုပြင်ဆင်မှုများစွာ ကြီးကြီးမားမား ပြုလုပ်ထားသည့် ရန်ကုန် စီးတီးအသင်းနှင့်  ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ်()အဖြစ် သြဂုတ် ၂၈ ရက်တွင် YUSC ကွင်း ၌ Chinland   အသင်းနှင့် ရတနာပုံအသင်း၊ သန်လျင်သီဟဒီပကွင်း၌ သစ္စာအားမာန်အသင်းနှင့် မြဝတီအသင်း၊ သြဂုတ် ၂၉ ရက်တွင် သန်လျင်သီဟဒီပကွင်း၌ ဒဂုံစတားယူနိုက်တက် အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်း၊ ပုသိမ်ကျောက်တိုင်ကွင်း၌  ဧရာဝတီယူနိုက်တက်အသင်းနှင့် အား/ကာ သိပ္ပံအသင်း၊ သြဂုတ် ၃၀ ရက်တွင် တောင်ဥက္ကလာပ ပဒေသာကွင်း၌ ရန်ကုန်စီးတီးအသင်းနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်း၊ YUSC ကွင်း၌ ရန်ကုန်ယူနိုက်တက်အသင်းနှင့်  စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။

ပထမအကျော့ပွဲစဉ်များကို သြဂုတ် ၂၈ ရက်မှ ဒီဇင်ဘာ ၂၁ ရက်အထိ  ကျင်းပမည်ဖြစ်ပြီး ရန်ကုန်မြို့ရှိ ကွင်းများအပြင် တောင်ကြီး၊ ပုသိမ်၊ ပဲခူးမြို့များ၌ ကျင်းပမည်ဖြစ်ကာ ရတနာပုံအသင်း၏   အိမ်ကွင်းပွဲများကို  ဒုတိယအကျော့မှသာ မန္တလေးမြို့ရှိ ဗထူးကွင်း၌ ပြုလုပ်မည်ဖြစ်သည်။ မြန်မာလိဂ်သည် ယခုရာသီတွင် အမည်ပြောင်းလဲခြင်း၊ လိုဂိုပြောင်းလဲခြင်းများနှင့်အတူ အသွင်သစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး ကလပ်အသင်းများအား Ranking  Subsidy  အခြေခံ Subsidy များ တိုးမြှင့်ပေးထားသလို တစ်ပွဲချင်းစီအလိုက်ချီးမြှင့် သည့်   AYA Pay Player of the Match ဆု၊ တစ်ရာသီလုံး သွင်းဂိုးအများဆုံး ကစားသမားဆုတို့ကိုလည်း ဆုကြေးငွေများ တိုးမြှင့်ချီးမြင့်သွားမည်ဖြစ်သည်။  တစ်ပွဲချင်းစီအလိုက် ချီးမြှင့်သည့် AYA Pay Player of the Match ဆုကို ယခင် ငွေကျပ်သုံးသိန်း ချီးမြှင့်ခဲ့ရာမှ ယခုအခါ ငွေကျပ် ၁၀ သိန်းအထိ တိုးမြှင့်ချီးမြှင့်မည်ဖြစ်သည်။

၂၀၀၉   ခုနှစ်တွင်  စတင်ကျင်းပခဲ့သည့် M-League ပြိုင်ပွဲကို  ယခုရာသီတွင် (၁၇)ကြိမ် မြောက်အဖြစ် ကျင်းပမည် ဖြစ်ပြီး ကျင်းပပြီးစီးခဲ့ သည့် (၁၆)ကြိမ်တွင် ရှမ်းယူနိုက်တက်အသင်းက ခုနစ်ကြိမ်၊    ရန်ကုန်ယူနိုက်တက်အသင်းက ငါးကြိမ်၊ ရတနာပုံအသင်းက လေးကြိမ် ဗိုလ်စွဲထားသည်။ ယခုရာသီတွင် ကလပ်အသင်းအားလုံးနီးပါး ရာသီကြို ပြင်ဆင်မှုများစွာ ပြုလုပ်ထားပြီး စံချိန်တင်အောင်မြင်မှုများစွာ ပိုင်ဆိုင်ထားသည့် ရှမ်းယူနိုက်တက်အသင်းက အောင်မြင်မှုများ ဆက်ထိန်းထားရန်၊ ချန်ပီယံဆုနှင့် ဝေးကွာနေသည့် ဒုတိယအအောင်မြင်ဆုံး အသင်းဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းက ချန်ပီယံဆု ပြန်လည်ရယူနိုင်ရန်၊ ခေတ်ဦးကာလတွင် ပြည်တွင်း၊ ပြည်ပအောင်မြင်မှု များစွာရယူခဲ့သည့် ရတနာပုံအသင်းက အပြောင်းအလဲများစွာနှင့်အတူ တစ်ကျော့ပြန် အောင်မြင်မှုရရှိရေး၊ တန်းတက်အသင်းဖြစ်သော်လည်း  ထိပ်သီးအသင်းများနည်းတူ လက်ရွေးစင်အဆင့်ကစားသမားများ၊   နိုင်ငံခြားသားကစားသမားများ ခေါ်ယူထားသည့် ရန်ကုန်စီးတီးအသင်း၏ ရလဒ်ကောင်းရယူနိုင်ရန် စသည့် ရည်မှန်းချက်များကြောင့် ယခုရာသီ M-League ပြိုင်ပွဲမှာ ပြိုင်ဆိုင်မှုပိုမိုပြင်းထန်လာဖွယ်ရှိနေသည်။

သတင်း-ကိုညီလေး

ဓာတ်ပုံ-စိုးညွန့်သော်

No comments

Powered by Blogger.