တညင်းကုန်း မီးရထားလမ်းခုံးကျော်တံတားကို PC Girder ၊ Steel Box Girder များဖြင့် လေးလမ်းသွားအဖြစ် တည်ဆောက်မည်
နေပြည်တော် ဩဂုတ် ၂၀
တညင်းကုန်း မီးရထားလမ်း ခုံးကျော်တံတားကို
PC Girder ၊ Steel Box
Girder များဖြင့် လေးလမ်းသွားအဖြစ်
တည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
တညင်းကုန်း မီးရထားလမ်း ခုံးကျော်တံတားကို
ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ် ရန်ကုန် - ပြည်မီးရထားလမ်းနှင့် ခရေပင်ကားလမ်းတို့
ဆုံရာတွင် တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ လမ်းပေါ်တွင် Express ယာဉ်၊ ကုန်တင်ယာဉ်၊
ခြောက်ဘီးအထက်ယာဉ်များနှင့် အိမ်စီးကား ၃၀၀၀ ကျော်ခန့်နှင့် ရန်ကုန်-ပြည် မီးရထားလမ်းတွင်လည်း
မြို့ပတ်ရထားများအပါအဝင် အစုန်/အဆန် ရထား ၂၃ စင်း နေ့စဉ် ဖြတ်သန်းသွားလာလျက်ရှိသည့်အတွက်
တံတားတည်ဆောက် ပြီးစီးပါက ယာဉ်ကြောပိတ်ဆို့မှုများကို များစွာဖြေရှင်းပေးနိုင်မည်ဖြစ်သည်။
အဆိုပါ တံတားတည်ဆောက်မည့် အခြေအနေကို
ယနေ့နံနက်ပိုင်းက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးမြင့်သည် တာဝန်ရှိသူများနှင့်အတူ
သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစဉ် တံတားတည်ဆောက်မည့် စီမံကိန်းကာလတွင်
လျှပ်စစ်/ဆက်သွယ်ရေးတိုင် ရွှေ့ပြောင်းရမည့် ကိစ္စရပ်များ၊ တညင်းကုန်းဈေး အဝင်လမ်း
လမ်းလွှဲရန် ဆောင်ရွက်ရမည့် ကိစ္စရပ်များ စသည်တို့ကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း
ညှိနှိုင်းဆောင်ရွက်သွားရန်၊ တံတားတည်ဆောက်ဆဲ ကာလတွင် ယာဉ်သွားလာမှု လမ်းကြောင်းများ၌
ယာဉ်ကြောပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားရှိရန် မှာကြားသည်။
ထို့ပြင် ဟင်္သာတ - ဒူးယား - ဒေါင့်ကြီး
- ဇလွန်လမ်းပိုင်းနှင့် ကြိမ်ပင်ဆယ် - စက္ကော့ - ဓနုဖြူ - ဇလွန် လမ်းပိုင်းတစ်လျှောက် လမ်းပြုပြင် ဆောင်ရွက်နေမှု၊
Oriental Highway ကုမ္ပဏီ လီမိတက်က B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ရန်ကုန်-
ပုသိမ်လမ်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments