နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့က လာရောက်ဂါရဝပြုတွေ့ဆုံ




နေပြည်တော် ဩဂုတ် ၄


ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ “ဝ” ပြည်သွေးစည်း ညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌ ဦးကျောက်ကော်အန်း ဦးဆောင် သည့် ကိုယ်စားလှယ်အဖွဲ့က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ဧည့် ခန်းမ၌ လာရောက်ဂါရဝပြုတွေ့ဆုံ သည်။


အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ ဒုတိယသမ္မတ ဦးညိုစော၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကာကွယ်ရေးဦးစီးချုပ် ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ကိုထိုက်တို့ တက်ရောက်ကြပြီး “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)မှ ဒုတိယဥက္ကဋ္ဌ နှင့်အတူ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ် ဦးပေါက်အိုက်ခမ်းနှင့် တာဝန်ရှိသူများ တက်ရောက် ကြသည်။


ထိုသို့တွေ့ဆုံရာတွင် ယခုနိုင်ငံတော် အစိုးရသစ်လက်ထက်တွင် တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် သန္နိဋ္ဌာန်ချမှတ်ပြီး မဖြစ်မနေကြိုးပမ်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံးကို ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ ထိုသို့ဖိတ်ခေါ်ဆွေးနွေးဆောင်ရွက်ချိန်တွင် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ(UWSP) မှ ယခုကဲ့သို့ လာရောက် တွေ့ဆုံခဲ့ခြင်းသည် နိုင်ငံတော်၏ အနာဂတ်အတွက် ကောင်းမွန်သည့် လုပ်ဆောင်ချက်ဖြစ်မှု အခြေအနေများ၊ ၁၉၈၉ ခုနှစ်တွင် တပ်မတော်နှင့် “ဝ” အဖွဲ့တို့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခဲ့မှု အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် ပြည်သူများလိုလား သည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် ထာဝရငြိမ်းချမ်းရေး ရရှိရန် လိုအပ်သည့်အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)နှင့်အညီ ဦးတည်လျှောက်လှမ်း ကြိုးပမ်းဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ (UWSA) “ဝ”အဖွဲ့အနေဖြင့် နိုင်ငံတော်ကို မိဘကဲ့သို့ သဘောထားမှုနှင့် မိဘဖြစ် သည့် နိုင်ငံတော်၏ စောင့်ရှောက်မှု အောက်တွင် မိမိတို့သားသမီးများက မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်အောင် ဝိုင်းဝန်းပူးပေါင်းကြိုးပမ်း လုပ်ဆောင်ရန် ခံယူချက်ထားဆောင်ရွက်နေမှု အခြေအနေများ၊ “ဝ” ဒေသအတွင်း ပညာရေးကဏ္ဍတိုးတက်ရေး ဆရာ ဆရာမများနှင့် အခြေခံအဆောက်အအုံများ ဖြည့်ဆည်း ပေး ခြင်း၊ ကျန်းမာရေးကဏ္ဍတိုးတက်ရေး ဆေးရုံများ အဆင့်မြှင့်တင်ခြင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်းနှင့် လမ်းပန်းဆက်သွယ်မှုကဏ္ဍများ ပိုမိုဖွံ့ဖြိုးတိုးတက် ကောင်းမွန် လာစေရေး ဆောက်လုပ်ရေးလုပ်ငန်းများအတွက် လိုအပ်သည်များကို နိုင်ငံတော်အစိုးရမှ ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ နိုင်ငံတော်အနေဖြင့် နိုင်ငံတစ်ဝန်း အွန်လိုင်းငွေကြေး လိမ်လည်မှုများနှင့် အွန်လိုင်းလောင်းကစားမှုများ အပြီးတိုင်ချုပ်ငြိမ်းပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသကဲ့သို့ (UWSA) “ဝ” အဖွဲ့အနေဖြင့်လည်း ဒေသအတွင်း အွန်လိုင်းလောင်းကစားမှုများ ပပျောက်စေရေးနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း ရေးလုပ်ငန်းများကို ဖိဖိစီးစီး ကြပ်မတ်နှိမ်နင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အောင်မြင်စေရေးအတွက် ရှေ့ဆက်ဆောင်ရွက်သွားမည့် အခြေအနေများနှင့် “ဝ” ဒေသဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြသည်။


တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတက “ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များအား အမှတ်တရလက်ဆောင်ပစ္စည်း များ ပေးအပ်ပြီး နိုင်ငံတော်သမ္မတထံ “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။


ထို့နောက် နိုင်ငံတော်သမ္မတနှင့် “ဝ”ပြည်သွေးစည်းညီညွတ်ရေး ပါတီ (UWSP)မှ ဒုတိယဥက္ကဋ္ဌတို့သည် တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.