စင်ကာပူက AI အသင့်ပြင်ဆင်မှု မြှင့်တင်ရန် သင်တန်းပေါင်း ၂၀၀ ကျော် စတင်ဖွင့်လှစ်



စက်တင်ဘာ ၁၇

စင်ကာပူနိုင်ငံသည် အလုပ်အကိုင်အခွင့်အလမ်းများ၊ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် AI နည်းပညာအသုံးချနိုင်ရေး အသင့်ပြင်ဆင်မှုတိုးမြှင့်ရန်ရည်ရွယ်၍ အစီအစဉ်အသစ်များကို စတင်လိုက်ပြီဖြစ်ကြောင်းနှင့် ထိုအစီအစဉ်များတွင် ဉာဏ်ရည်တု သင်တန်းပေါင်း ၂၀၀ ကျော် ပါဝင်ကြောင်း ကျွမ်းကျင်မှုနှင့် အလုပ်သမားအင်အား ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ (SWDA) က ယမန်နေ့က ပြောကြားခဲ့သည်။

အဆိုပါအေဂျင်စီက လူတစ်ဦးချင်းစီအနေဖြင့် AI ကို ထိရောက်စွာ အသုံးပြုနိုင်ရန်၊ ကျွမ်းကျင်မှုများ တိုးတက်စေပြီး ယုံကြည်မှုရှိလာစေရန် ရွေးချယ်ထားသော အဆင့်မြင့် AI ကိရိယာများကို အခမဲ့ ခြောက်လ အသုံးပြုခွင့်ပေးထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းသည် စင်ကာပူနည်းပညာအင်စတီကျုနှင့် ပူးပေါင်း၍ လူတစ်ဦးချင်းစီအနေဖြင့် ၎င်းတို့၏ AI အသင့်ဖြစ်မှုကို အကဲဖြတ်နိုင်ပြီး ၎င်းတို့၏ AI စွမ်းရည်များ တည်ဆောက်ရန် သက်ဆိုင်ရာသင်တန်းများကို ဖော်ထုတ်နိုင်စေမည့် AI Ready Quiz ကို တီထွင်ခဲ့သည်။

အခြားအစီအစဉ်များတွင် Connect by SWDA ကို ဖွင့်လှစ်ခြင်းလည်း ပါဝင်သည်။ ၎င်းသည် အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဆိုင်ရာ အထောက်အပံ့များကို လူတစ်ဦးချင်းစီနှင့် အလုပ်ရှင်များအတွက် တစ်နေရာတည်းတွင် ရရှိနိုင်စေမည့် တစ်နေရာတည်းဝန်ဆောင်မှု (one-stop service) ဖြစ်သည်။

 ထို့အပြင် OurWorkforce portal ကိုလည်း စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်ရှင်များအနေဖြင့် လုပ်သားအင်အားဆိုင်ရာအစီအစဉ်များနှင့် လေ့ကျင့်ရေးအရင်းအမြစ်များကို အလွယ်တကူ ရယူအသုံးပြုနိုင်မည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.