စင်ကာပူဘဏ္ဍာရေးကဏ္ဍမှ ဝန်ထမ်း ၈၀၀၀၀ ကို ၂၀၂၈ ခုနှစ်အထိ AI သင်တန်းပေးမည်



စက်တင်ဘာ ၂၅

စင်ကာပူနိုင်ငံ၏ ဘဏ္ဍာရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၈ ခုနှစ်အထိ ဝန်ထမ်းပေါင်း ၈၀၀၀၀ ကျော်ကို အရေးကြီးသော ဉာဏ်ရည်တု (AI) ကျွမ်းကျင်မှုများ ရရှိစေရန် သင်တန်းပေးသွားမည်ဟု ဒုတိယဝန်ကြီးချုပ် ဂန်ကင်ယုံက ယမန်နေ့က ပြောကြားခဲ့သည်။

ယင်းကတိကဝတ်တွင် ဘဏ်လုပ်ငန်း၊ အာမခံလုပ်ငန်းနှင့် ပိုင်ဆိုင်မှုစီမံခန့်ခွဲမှုလုပ်ငန်းများမှ ဘဏ္ဍာရေးအဖွဲ့အစည်း ၂၃ ခု ပါဝင်ကြောင်းနှင့် ထိုအဖွဲ့အစည်းများသည် အသစ်ဖွင့်လှစ်လိုက်သည့် Institute of Banking and Finance (IBF) ၏ AI Workforce Co-Lab တွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း IBF Distinction Evening အခမ်းအနားတွင် ၎င်းကပြောကြားသည်။

အဆိုပါအဖွဲ့အစည်းများသည် IBF မှ အသိအမှတ်ပြုထားသော အစီအစဉ်များမှတစ်ဆင့် စင်ကာပူရှိ ၎င်းတို့၏ လုပ်သားအင်အားတစ်ခုလုံးကို လေ့ကျင့်ပေးရန် ကတိပြုထားပြီး ၎င်းတို့၏ ဝန်ထမ်းထက်ဝက်ကျော်ကို လေ့ကျင့်သင်ကြားပေးပြီးဖြစ်ကြောင်း ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီးနှင့် စင်ကာပူငွေကြေးအာဏာပိုင်အဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ဂန်က ပြောကြားခဲ့သည်။

Co-Lab သည် အလုပ်ရှင်များနှင့် မိတ်ဖက်အဖွဲ့အစည်းများကို စုစည်းကာ AI ကြောင့် အလုပ်အကိုင်များ မည်သို့ပြောင်းလဲလာသည်ကို လေ့လာအကဲဖြတ်မည်ဖြစ်ပြီး လက်တွေ့အသုံးချနိုင်သော သင်တန်းပေးမှုနှင့် အလုပ်ပုံစံပြန်လည်ဒီဇိုင်းရေးဆွဲမှု နည်းလမ်းများကို စမ်းသပ်သွားမည်ဖြစ်သည်။ ထိုမှရရှိသည့် တွေ့ရှိချက်များကိုလည်း ဘဏ္ဍာရေးကဏ္ဍတစ်ခုလုံးသို့ မျှဝေပေးသွားမည်ဖြစ်သည်။

ဂန်က AI သည် ဖောက်သည်ဝန်ဆောင်မှု၊ ဘဏ္ဍာရေးအကြံပေးဝန်ဆောင်မှု၊ ချေးငွေထုတ်ပေးရန် အရည်အချင်းစိစစ်ခြင်း၊ လိမ်လည်မှုရှာဖွေဖော်ထုတ်ခြင်း၊ စျေးကွက်ခွဲခြမ်းစိတ်ဖြာခြင်းနှင့် ဆော့ဖ်ဝဲလ်ဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ပုံများကို ပြောင်းလဲနေပြီဖြစ်ကြောင်း ပြောကြားသည်။

AI ကို စင်ကာပူနိုင်ငံသားများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများနှင့် ပိုမိုထုတ်လုပ်နိုင်စွမ်းရှိသော လုပ်သားအင်အားအဖြစ် ပြောင်းလဲအသုံးချနိုင်ရန် ရည်ရွယ်ကြောင်း၊ ၎င်းအတွက် ဘဏ္ဍာရေးအဖွဲ့အစည်းများ၏ ကတိကဝတ်နှင့်လက်တွေ့လုပ်ဆောင်ချက်များလိုအပ်သလို အစိုးရနှင့် အလုပ်သမားသမဂ္ဂများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ပံ့ပိုးကူညီမှုများလည်း လိုအပ်ကြောင်း  ဂန်က ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.