ဒိန်းမတ်ကုမ္ပဏီများ AI နည်းပညာကို အသုံးပြုပြီးနောက် ဝန်ထမ်းအသစ်ခန့်အပ်မှု နည်းလာ
စက်တင်ဘာ ၁၈
AI (ဉာဏ်ရည်တု) နည်းပညာကို အသုံးပြုလာသော ဒိန်းမတ်ကုမ္ပဏီများသည် AI အသုံးမပြုသော ကုမ္ပဏီများနှင့်နှိုင်းယှဉ်ပါက နောက်ပိုင်းတွင် အလုပ်သမားအသစ် ခန့်အပ်မှု နည်းပါးလာကြသည်ဟု ဒိန်းမတ်ဗဟိုဘဏ်က စက်တင်ဘာ ၁၆ ရက်က ပြောကြားသည်။
ဒိန်းမတ် အမျိုးသားဗဟိုဘဏ်က ထုတ်ပြန်သော လေ့လာဆန်းစစ်ချက်အရ အလုပ်အကိုင်တိုးတက်နှုန်း နှေးကွေးလာမှုသည် အသက်ငယ်ရွယ်သောအလုပ်သမားများနှင့် ပညာရေးအဆင့်မြင့်သော အလုပ်သမားများကြားတွင် ပိုမိုသိသာနေသော်လည်း လစာအပေါ် ထိခိုက်မှုရှိသည်ဆိုသော အထောက်အထား မတွေ့ရသေးကြောင်း ဖော်ပြထားသည်။
ဒိန်းမတ်စီးပွားရေးပညာရှင်တစ်ဦးဖြစ်ပြီး ဗဟိုဘဏ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော Signe Krogstrup က AI ကြောင့် ဖြစ်ပေါ်လာမည်ဟု မျှော်လင့်ထားသော ပြောင်းလဲမှုများသည် ဒိန်းမတ်နိုင်ငံတွင် စတင်နေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
AI သည် ဒိန်းမတ်၏ အလုပ်အကိုင်တစ်ခုလုံးကို ထိခိုက်စေခဲ့ကြောင်း ရှင်းလင်းသော အထောက်အထား မရှိကြောင်း ထိုဘဏ်က ပြောကြားခဲ့သည်။ AI အသုံးပြုလာသော ကုမ္ပဏီများတွင် အလုပ်ဝင်မည့် အလုပ်သမားများသည် အခြားကုမ္ပဏီများ သို့မဟုတ် အခြားလုပ်ငန်းများတွင် အလုပ်အကိုင် ရှာဖွေတွေ့ရှိခဲ့ကြခြင်း ဖြစ်နိုင်သည်ဟု Krogstrup က ဆိုသည်။
အဆိုပါလေ့လာဆန်းစစ်ချက်တွင် ဒိန်းမတ်စာရင်းအင်းဌာန၏ ကုမ္ပဏီများ AI အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို အလုပ်အကိုင်နှင့် လုပ်ခလစာဆိုင်ရာ အစိုးရအုပ်ချုပ်ရေးမှတ်တမ်းများနှင့် ပေါင်းစပ်၍ လေ့လာထားသည်။
ရေရှည်ကာလတွင် AI ၏ သက်ရောက်မှုသည် များစွာမသေချာသေးကြောင်း ပြောကြားခဲ့သည်။ အလုပ်အကိုင်အရေအတွက် လျော့ကျသွားနိုင်ခြေကို ပယ်ချ၍မရသော်လည်း AI ကြောင့် လုပ်ငန်းအသစ်များနှင့် အလုပ်အကိုင်အမျိုးအစားအသစ်များ ပေါ်ပေါက်လာနိုင်ပြီး ထိုမှတစ်ဆင့် စုစုပေါင်းအလုပ်အကိုင် တိုးလာနိုင်ခြေလည်းရှိသည်ဟု ၎င်းကဆိုသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments