မအိပ်အိပ်အောင် လုပ်ပေးသော ဦးနှောက်ဆဲလ်များ တွေ့ရှိ
ဘယ်လောက်ပဲ မအိပ်မနေအလုပ်လုပ်နိုင်သည်ဆိုပါစေ နောက်ဆုံးတော့ မဖြစ်မနေနှစ်နှစ်ခြိုက်ခြိုက်အိပ်လိုက် ရသည်ချည်းသာ။ ထိုအဖြစ်မျိုးက လူတိုင်းအတွက် မထူးဆန်းသော်လည်း သိပ္ပံ ပညာရှင်များအတွက်မူ ထိုသို့ဖြစ်အောင် မည်သည့်ဇီဝဖြစ်စဉ်က လုပ်ပေးနေသလဲဆိုသည်မှာ အလွန်သိချင်စရာကောင်းသော ကိစ္စဖြစ်သည်။
ယခု ဆွစ်ဇာလန်နိုင်ငံ
ဘေဆဲလ်တက္ကသိုလ် ဘိုင်အိုဇမ်ထရမ်ဌာနမှ ပါမောက္ခ အဲလက်ရှိုင်းယား ဦးဆောင်သော သုတေသီတစ်ဖွဲ့က ဘယ်လောက်အပင်ပန်းခံနိုင်ပါစေ
နောက်ဆုံးတော့ တရေးတမောအိပ်သွားအောင်လုပ်ပေးသည့် ဦးနှောက်ဆဲလ်များကို ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။
“ကြာရှည်အားနည်းလာတာကို စောင့်ကြည့်နေပြီး အိပ်ဖို့တက်တက်ကြွကြွ လှုံ့ဆော်ပေးတဲ့
နျူရွန်အဖွဲ့အစည်း တွေကို ကျွန်တော်တို့ တွေ့ထားပါပြီ။ ဒါက ကျွန်တော်တို့ ဘာကြောင့်
အိပ်ချင်လာရလဲဆိုတဲ့ ပဟေဠိရဲ့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းလေးပါ”ဟု ဒေါက်တာ ရှိုင်းယားက ဆိုသည်။
သုတေသီများက ကြွက်၏ဦးနှောက်ထဲ၌အိပ်နေချိန်တွင်
ဘာတွေဖြစ်နေလဲ၊ ပင်ပန်းနေချိန်တွင်
ဘာတွေဖြစ်နေလဲ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်ခါနီးအချိန်တွင် ဘာတွေဖြစ်နေလဲဆိုသည့်မြေပုံကို
ရေးဆွဲခဲ့သည်။ ထို့နောက် အိပ်စက်ခြင်းနှင့် ဆက်စပ်နေသည့် ဦးနှောက်ထဲမှ နေရာများကို
ရှာဖွေဖော်ထုတ်ခြင်းဖြစ်သည်။ ထိုသို့ရှာဖွေရာမှ ဂါဘာနျူရွန်များနှင့် ဆယ်ရိုတိုနားဂျစ်နျူရွန်များသည်
အိပ်စက်ခြင်းနှင့် ပတ်သက်နေကြောင်း တွေ့ရှိခဲ့ကြသည်။
သေသေချာချာသိရစေရန်
ထိုနယ်မြေများကို လှုံ့ဆော်ပေးလိုက်ချိန်၌ ကြွက်များသည် ပိုပြီးနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် သွားသလို အိပ်ချိန်လည်းပိုကြာကြောင်း
တွေ့ရှိခဲ့ရသည်။
“ဒီနျူရွန်တွေက
နိုးကြားနေတဲ့ တိရစ္ဆာန်တွေကိုအိပ်ဖို့ အချက်ပေးရုံလောက် ရိုးရိုးရှင်းရှင်းလုပ်တာမျိုးမဟုတ်ပါဘူး။
မအိပ်အိပ်အောင် လှုံ့ဆော်ပေးပြီး အိပ်စက်ခြင်းကို မောင်းနှင်ပေးနေတာပါ”ဟု ရှိုင်းယားက ဆက်ရှင်းပြသည်။
အထူးခြားဆုံးတွေ့ရှိချက်မှာ
ထိုနျူရွန်များကို ပိတ်လိုက်ချိန်တွင် ကြွက်များသည် အိပ်စက်မှု ၇၀ ရာခိုင်နှုန်း လျော့နည်းသွားခဲ့သည်။ သို့သော် အိပ်ရေးမဝသည့်လက္ခဏာများ၊ အိပ်ရေးပျက်ချိန်တွင် တွေ့ရသည့် မူမမှန်သည့်
လက္ခဏာများကိုလည်း မတွေ့ခဲ့ရပေ။ ထို့ကြောင့် အိပ်ချိန်နှင့် အိပ်စက်ရန်လိုအပ်ချက်တို့ကို
သီးခြားခွဲထားနိုင်ကြောင်း ကောက်ချက်ချနိုင်ခဲ့သည်။
Ref: scitechdaily

No comments