ရှိပြီးဖြစ်သည့် မြေယာသယံဇာတ စနစ်တကျ အကျိုးရှိရှိအသုံးချ



မြန်မာနိုင်ငံတွင် လယ်မြေ၊ ယာမြေနှင့် တောင်ယာမြေတို့အပါအဝင် စုစုပေါင်းစိုက်ပျိုးမြေဧကပေါင်း ၃၃ သန်းကျော်ရှိသည်။ စပါးစိုက်ဧက ၁၇ ဒသမ ၇ သန်း၊ အစေ့ထုတ်ပြောင်းစိုက်ဧက ၁ ဒသမ ၆ သန်း၊ ပဲမျိုးစုံစိုက်ဧက ၂ ဒသမ ၇ သန်းနှင့် နှမ်းစိုက်ဧက ၃ ဒသမ ၉ သန်းရှိသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး အသက် ၁၅ နှစ်နှင့်အထက်လူဦးရေ၏ ၄၅ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ရေထွက်ကုန်လုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေကြခြင်းဖြစ်သည်။


“မြေအသုံးချမှုများနှင့်ပတ်သက်၍လည်း မိမိတို့အနေဖြင့် နိုင်ငံတော်တွင်ရှိပြီးဖြစ်သည့် မြေသယံဇာတများကို စနစ်တကျဖြင့် အမှန်တကယ် အကျိုးရှိရှိအသုံးချနိုင်ရန်လိုကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကထားဆောင်ရွက်ကြသည့် ပြည်ပနိုင်ငံများ၏မြေကို အကျိုးရှိရှိ ထိထိရောက်ရောက် အမှန်တကယ်အသုံးချထားကြသည်များကို အတုယူလေ့လာဆောင်ရွက်ကြရန်လိုကြောင်း” စက်တင်ဘာ ၁၅ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။


အာဆီယံနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းများကို နှိုင်းယှဉ်ကြည့်ပါက ထိုင်းနှင့် ဗီယက်နမ်တို့မှာ ခေတ်မီနည်းပညာ၊ မျိုးကောင်းမျိုးသန့်နှင့် ဓာတ်မြေသြဇာတို့ကို စနစ်တကျသုံးစွဲနိုင်မှုကြောင့် အထွက်နှုန်းကောင်းသကဲ့သို့ ပြည်ပတင်ပို့နိုင်မှုတို့တွင်လည်း ထိပ်တန်းဖြစ်သည်။ အင်ဒိုနီးရှား၊ မလေးရှားတို့မှာ စီးပွားဖြစ်စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသည့် နိုင်ငံများဖြစ်ပြီး စားအုန်းဆီစိုက်ပျိုး ထုတ်လုပ်တင်ပို့မှုတွင် ကမ္ဘာ့အကြီးဆုံးနိုင်ငံများဖြစ်ကာ အုန်းသီး၊ ရော်ဘာတို့ကိုလည်း တင်ပို့သည်။ မိမိတို့နိုင်ငံမှာ စိုက်ပျိုးနိုင်သည့်မြေ ဧကအများအပြားရှိပြီး မြေယာအရင်းအမြစ်ကြီးမားသည့်တိုင် နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအားနည်းချက်များကြောင့် ထုတ်လုပ်နိုင်စွမ်းတွင် နောက်ကျလျက်ရှိသည့် အနေအထားဖြစ်သည်။


အာဆီယံဒေသတွင်းနိုင်ငံများ၏ အဓိကသီးနှံတစ်ခုဖြစ်သော ဆန်စပါးတစ်ဟက်တာ (၂ ဒသမ ၄၇ ဧကခန့်) အထွက်နှုန်းကို နှိုင်းယှဉ်ကြည့်လျှင် ဗီယက်နမ်သည် ၆ တန်မှ ၆ ဒသမ ၁ တန်ခန့်၊ အင်ဒိုနီးရှားသည် ၅ ဒသမ ၁ တန်မှ ၅ ဒသမ ၂ တန်၊ ဖိလစ်ပိုင် ၄ ဒသမ ၅ တန်မှ ၄ ဒသမ ၆ တန်၊ မလေးရှားက ၄ တန်မှ ၄ ဒသမ ၁ တန်၊ မြန်မာက ၃ ဒသမ ၈ တန်မှ ၃ ဒသမ ၉ တန်၊ ကမ္ဘောဒီးယားက ၃ ဒသမ ၆ တန်မှ ၃ ဒသမ ၇ တန်၊ ထိုင်းက ၃ တန်မှ ၃ ဒသမ ၁ တန်ရှိသည်။ ထိုင်းကအထွက်နှုန်းနည်းရခြင်းသည် ၎င်းတို့နိုင်ငံ၏ အရည်အသွေးမြင့် ဆန်အမျိုးအစားဖြစ်သည့် Jasmine Rice ကဲ့သို့သော ဆန်စပါးကို သဘာဝအတိုင်း စိုက်ပျိုးခြင်းကြောင့်ဖြစ်သည်။ သို့ဖြစ်ရာ စိုက်ပျိုးရေးကို နိုင်ငံ၏အဓိကစီးပွားရေးအဖြစ် အခြေစိုက်ထားသည့် မိမိတို့နိုင်ငံသည် တိုးတက်သောနိုင်ငံများကို အတုယူ၍ မိမိတို့တွင် ရှိပြီးဖြစ်သော မြေသယံဇာတများကို စနစ်တကျ အကျိုးရှိရှိ အသုံးချကြရမည်ဖြစ်သည်။


စိုက်ပျိုးထုတ်လုပ်မှုစွမ်းအားကောင်းသည့် နိုင်ငံများတွင် စိုက်ပျိုးမြေမှန်သမျှ အအားမထားဘဲ လယ်ကန်သင်းများပေါ်မှာပင် စိုက်၍ရသည့်အပင်များကို စိုက်ပျိုးထားကြသလို လယ်ကွက်ထဲမှာလည်း စပါးစိုက်ပျိုးမှုကို ငါး/ ပုစွန် မွေးမြူမှုတို့နှင့်တွဲဖက်၍ အကျိုးရှိအောင်ဆောင်ရွက်ကြသည်။ စပါးနှင့်ငါးတို့မှာ အပြန်အလှန်အကျိုးပြုကြပြီး အချိန်တန်လျှင် ဤမြေပေါ်မှ ဝင်ငွေနှစ်မျိုးပေါ်လာသည်။ တရုတ်နိုင်ငံတွင် ဤနည်းလမ်းကို နှစ်ပေါင်းထောင်နှင့်ချီ၍ အောင်အောင်မြင်မြင် ကျင့်သုံးလာခဲ့ခြင်းဖြစ်ရာ မိမိတို့နိုင်ငံတွင်လည်း အခြေအနေပေးသည့်နေရာများတွင် ပေးသလို စမ်းသပ်လုပ်ကိုင်ခြင်းဖြင့် အကျိုးဖြစ်ထွန်းအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။ စပါးနှင့် ငါး ပေါင်းစပ်စိုက်ပျိုးမွေးမြူစနစ်သည် စိုက်ပျိုးရာသီအတွင်း မိသားစုအတွက် ပရိုတင်းဓာတ်ကြွယ်ဝသောအစားအစာကို ပိုမိုရရှိစေသည့်အပြင် မိသားစုဝင်ငွေကိုလည်း ပိုမိုတိုးတက်စေသည်ဟု သုတေသီများကဆိုသည်။


စိုက်ပျိုးမွေးမြူပေါင်းစပ်စနစ်များက တောင်သူလယ်သမားတို့အပေါ် သီးနှံတစ်မျိုးတည်း တစ်နည်းအားဖြင့် ဝင်ငွေအရင်းအမြစ် တစ်ခုတည်းအပေါ်တွင် မှီခိုနေရသည့်အခြေအနေမျိုးကို လျော့ကျသွားစေသည်။ တစ်ဖက်တွင်လည်း ဤကဲ့သို့စိုက်ပျိုးမွေးမြူ ပေါင်းစပ်စနစ်များ လုပ်ကိုင်ဆောင်ရွက်ခြင်းက ပိုမိုအားထုတ်အလုပ်လုပ်ကိုင် ရန်လိုအပ်သကဲ့သို့ နည်းပညာဆိုင်ရာလိုအပ်မှု၊ မွေးမြူရေးတိရစ္ဆာန် မျိုးများရရှိရန် ခက်ခဲမှု၊ ထုတ်လုပ်မှုအတွက် ကုန်ကျစရိတ်ပိုမိုလိုအပ်မှုနှင့် အခြားအခက်အခဲများ တွေ့ကြုံလာရမည့်အခြေအနေများကို ကျော်လွှားဆောင်ရွက်နိုင်ကြရန်လိုသည်။ မည်သို့ဆိုစေ မိမိတို့၏မြေယာများကို အကျိုးရှိဆုံးအသုံးချ၍ ထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရေးသည်သာ အဓိကဖြစ်ပြီး ပိုမိုအားထုတ် လုပ်ကိုင်ကြသည်နှင့်အမျှ ပိုမိုအကျိုးဖြစ်ထွန်းနိုင်ကြမည်ပင်ဖြစ်သည့်အကြောင်း။ ။

No comments

Powered by Blogger.