ပါကစ္စတန်နိုင်ငံ၌ ရွေးချယ်ထားသော ခရိုင်များတွင် ပိုလီယိုကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှု စတင်



စက်တင်ဘာ ၂၁

ပါကစ္စတန်နိုင်ငံတွင် ရွေးချယ်ထားသော ခရိုင် ၁၁၅ ခု၌ ပိုလီယိုကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို ယနေ့တွင်စတင်ခဲ့ကြောင်း အမျိုးသားအရေးပေါ်လုပ်ငန်းလည်ပတ်မှုစင်တာ၏ပြောကြားချက်အရ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွင် အသက် ငါးနှစ်အောက် ကလေးများကို အဓိကထား၍ ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုသည် ကလေးဦးရေ ၃၁ သန်းကို ကာကွယ်ဆေးထိုးရန် ရည်ရွယ်ပြီး နိုင်ငံတစ်ဝန်းတွင် ဝန်ထမ်း ၂၇၃၀၀၀ ကျော်ကို စေလွှတ်ထားကြောင်း ထိုအေဂျင်စီက ကြေညာချက်တစ်စောင်တွင် ပြောကြားခဲ့သည်။

ကာကွယ်ဆေးထိုးနှံရေးလှုပ်ရှားမှုကို ပန်ဂျပ်ပြည်နယ်အရှေ့ပိုင်းရှိ ရွေးချယ်ထားသောခရိုင် ၁၃ ခု၊ တောင်ပိုင်းဆင်းဒ်ပြည်နယ်တွင် ၃၀ ခု၊ အနောက်မြောက်ပိုင်း ခိုင်ဘာပက်တွန်ကွာပြည်နယ်တွင် ၃၇ ခု၊  ဂီလ်ဂစ်-ဘောလ်တစ်စတန်ဒေသရှိ ခရိုင်နှစ်ခုနှင့် အနောက်တောင်ပိုင်း ဘာလိုချီစတန်၊ အစ္စလာမာဘတ်တွင်  ၃၂ ခု တို့တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အစည်းက မိဘများအနေဖြင့် ကာကွယ်ဆေးထိုးအဖွဲ့များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန်နှင့် ထိုလှုပ်ရှားမှုကာလအတွင်း အသက် ငါးနှစ်အောက် ကလေးတိုင်း ပိုလီယိုကာကွယ်ဆေးအစက်ချဆေး ရရှိစေရေး သေချာစီစဉ်ပေးကြရန်လည်း တိုက်တွန်းထားသည်။

 ပါကစ္စတန်သည် ပိုလီယိုရောဂါ ဆက်လက်ဖြစ်ပွားနေသည့် ကမ္ဘာ့နိုင်ငံအနည်းငယ်အနက် တစ်နိုင်ငံ ဖြစ်ပြီး အာဏာပိုင်များသည် ပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန် ကာကွယ်ဆေးထိုးနှံရေး လှုပ်ရှားမှုများကို အကြိမ်ကြိမ် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.