ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ ကလေးဦးရေ ၂၀ သန်းနီးပါးအား ဝက်သက်ဂျိုက်သိုးရောဂါ ကာကွယ်ဆေးထိုးနှံပေး



စက်တင်ဘာ ၁၅

ဘင်္ဂလားဒေ့ရှ်အစိုးရက ကလေး ၂၀ သန်းနီးပါးအား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ရာ ကနဦးကာကွယ်ဆေးထိုးနှံရန်ရည်မှန်းချက်ထက် ၁၀ ရာခိုင်နှုန်းခန့် ကျော်လွန်ခဲ့သည်ဟု ကျန်းမာရေးဝန်ဆောင်မှု ညွှန်ကြားရေးမှူးရုံးမှ  ယမန်နေ့က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။

ယခုနှစ် မတ်လလယ်တွင် ဝက်သက်ရောဂါဖြစ်ပွားခဲ့ရာ ဧပြီလ ၅ ရက်နေ့တွင် နိုင်ငံ၏ ခရိုင် ၆၄ ခုအနက် ၁၈ ခုတွင်  ဝက်သက်ရောဂါ အရေးပေါ်ကာကွယ်ဆေးထိုးနှံမှုအစီအစဉ်စတင်ခဲ့သည်။

ကာကွယ်ဆေးထိုးခြင်း၏ ဒုတိယအဆင့်ကို ဧပြီလ ၁၂ ရက်နေ့တွင် အဓိကမြို့ကြီးလေးခုတွင် စတင်ခဲ့ပြီး နောက်ထပ်အဆင့်များကို ဧပြီလ ၂၀ ရက်နေ့တွင် စတင်ခဲ့သည်။

စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၈ နာရီမှ ၁၄ ရက်နေ့ နံနက် ၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါ သံသယရှိသူ ၁၁၇၇ ဦးနှင့် ဝက်သက်ရောဂါကြောင့် သေဆုံးသူ ရှစ်ဦး ထပ်မံတွေ့ရှိခဲ့သည်ဟု ကျန်းမာရေးအာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့သည်။

ဝက်သက်ရောဂါစတင်ဖြစ်ပွားချိန် မတ်လလယ်မှစ၍ ဝက်သက်ရောဂါ သံသယရှိသူ စုစုပေါင်း ၁၇၂၇၂၀ ဦးနှင့် သေဆုံးသူ ၁၀၃၀ ဦး ရှိလာသည်ဟု နောက်ဆုံးရကိန်းဂဏန်းများအရ သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.