သီရိလင်္ကာနိုင်ငံရှိမူကြိုအရွယ်ကလေးများ၏ ၆၄ ရာခိုင်နှုန်းခန့်သည် အကြံပြုထားသည့် ဒစ်ဂျစ်တယ်မျက်နှာပြင်အသုံးပြုချိန်ထက် ကျော်လွန်အသုံးပြုနေ



စက်တင်ဘာ ၂၄

 သီရိလင်္ကာနိုင်ငံရှိ မူကြိုအရွယ်ကလေးများ၏ ၆၄ ရာခိုင်နှုန်းခန့်သည် တစ်နေ့လျှင် မိနစ် ၃၀ ထက်ပို၍ မိုဘိုင်းဖုန်း၊ တက်ဘလက် သို့မဟုတ် ကွန်ပျူတာများကို အသုံးပြုနေကြကြောင်း ကျန်းမာရေးဝန်ကြီးဌာန အတွင်းရေးမှူး Anil Jasinghe က ယနေ့တွင် ပြောကြားသည်။

ငယ်ရွယ်သောကလေးများအနေဖြင့် ဒစ်ဂျစ်တယ်မျက်နှာပြင်များအသုံးပြုချိန်ကို တစ်နေ့လျှင် မိနစ် ၃၀ အောက်သာ ထားရှိရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကအကြံပြုထားကြောင်း Jasinghe က ပြောကြားသည်။

ဝန်ကြီးဌာနက ပြုလုပ်ခဲ့သော စစ်တမ်းအရ ကလေးများ၏ ၄၃ ရာခိုင်နှုန်းခန့်သည် စခရင်ကြည့်ရှုရင်း အစားအစာများ စားသုံးကြသည်ကိုလည်း တွေ့ရှိခဲ့သည်ဟု သိရသည်။

အဆိုပါစစ်တမ်းတွင် ကလေးများအားပြုစုစောင့်ရှောက်မှုနှင့် ပတ်သက်သည့်စိုးရိမ်ဖွယ် အချက်များကိုလည်း ဖော်ပြထားကြောင်း ၎င်းက ပြောကြားခဲ့သည်။ မိဘများ သို့မဟုတ် မူကြိုကလေးများကိုစောင့်ရှောက်ပေးသူများအနက် ၅၆ ရာခိုင်နှုန်းခန့်သည် ကလေးများအပေါ် ဒေါသထွက်မိကြောင်း ဖြေဆိုထားကြသည်ဟု ၎င်းက ဆိုသည်။

ဖခင်များသည် ကလေးထိန်းစောင့်ရှောက်မှုတွင် ပါဝင်မှုနည်းပါးပြီး ၅၃ ရာခိုင်နှုန်းခန့်သာ ၎င်းတို့၏ကလေးများကို ပြုစုစောင့်ရှောက်ရာတွင် အနီးကပ်ပါဝင်ကြောင်းနှင့် ကျန်းမာရေး ဝန်ကြီးဌာနသည်  စစ်တမ်းတွေ့ရှိချက်များကို တုံ့ပြန်သည့်အနေဖြင့် မူကြိုကလေးများအတွက် ကျန်းမာရေးမြှင့်တင်ရေးအစီအစဉ်နှင့် လမ်းညွှန်ချက်များကို မိတ်ဆက်ချမှတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.