တောင်ကိုရီးယားနိုင်ငံ၌ ၂၀၂၅ ခုနှစ်အတွင်း သေဆုံးမှုအကြောင်းရင်းများတွင် ကင်ဆာ၊ နှလုံးနှင့် အဆုတ်ရောင်ရောဂါများ ထိပ်ဆုံးမှပါဝင်
စက်တင်ဘာ ၂၂
တောင်ကိုရီးယားနိုင်ငံ၏ ၂၀၂၅ ခုနှစ်သေဆုံးမှုအကြောင်းရင်းများတွင် ကင်ဆာ၊ နှလုံးရောဂါနှင့် အဆုတ်ရောင်ရောဂါများသည် သေဆုံးမှုအားလုံး၏ ၄၂ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း စာရင်းအင်းဝန်ကြီးဌာန၏ အချက်အလက်များက ယနေ့တွင် ဖော်ပြထားသည်။
ကင်ဆာရောဂါသည် သေဆုံးမှု၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်တည်ရှိနေပြီး ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင် လူ ၁၀၀၀၀၀ လျှင် သေဆုံးမှုနှုန်း ၁ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်လာပြီး ၁၇၇ ဒသမ ၁ ဦးအထိ ရှိလာကြောင်း အချက်အလက်နှင့် စာရင်းအင်းဝန်ကြီးဌာနက ပြောကြားခဲ့သည်။
အဆုတ်ကင်ဆာသည် လူ ၁၀၀၀၀၀ လျှင် သေဆုံးမှုနှုန်း ၃၈ ဒသမ ၉ ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ပြီး အသည်းကင်ဆာဖြင့် ၂၀ ဒသမ ၄ ဦး၊ အူမကြီးကင်ဆာဖြင့် ၁၉ ဒသမ ၁ ဦး၊ ပန်ကရိယကင်ဆာဖြင့် ၁၇ ဒသမ ၀ ဦးနှင့် အစာအိမ်ကင်ဆာဖြင့် ၁၃ ဒသမ ၇ ဦး အသီးသီး သေဆုံးကြောင်း ဖော်ပြထားသည်။
နှလုံးရောဂါနှင့် အဆုတ်ရောင်ရောဂါကြောင့် သေဆုံးမှုနှုန်းသည် ပြီးခဲ့သည့်နှစ်က ၆၆ ဒသမ ၃ နှင့် ၆၀ ဒသမ ၈ အသီးသီးရှိခဲ့ပြီး ဦးနှောက်သွေးကြောဆိုင်ရာရောဂါဖြင့် ၄၈ ဒသမ ၇ ဦး၊ မိမိကိုယ်ကိုသတ်သေမှု ဖြင့်၂၇ ဒသမ ၈ ဦး၊ အယ်လ်ဇိုင်းမားရောဂါဖြင့် ၂၆ ဒသမ ၈ ဦး၊ ဆီးချိုရောဂါဖြင့် ၂၂ ဒသမ ၄ ဦး၊ သွေးဆိပ်တက်ရောဂါ ၁၇ ဒသမ ၂ ဦး၊ သွေးတိုးရောဂါ ၁၇ ဒသမ ၀ ဦး နှင့် အသည်းရောဂါဖြင့် ၁၄ ဒသမ ၉ ဦး အသီးသီးသေဆုံးခဲ့သည်။
၂၀၂၅ ခုနှစ်တွင် စုစုပေါင်း သေဆုံးသူအရေအတွက် ၃၆၂၉၆၈ ဦးအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ကထက် ၁ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သေဆုံးမှု အမြင့်ဆုံးဖြစ်သည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း စံချိန်တင်သေဆုံးမှု ဒုတိယအမြင့်ဆုံးဖြစ်သည်။
လူ ၁၀၀၀၀၀ လျှင် သေဆုံးမှုနှုန်း ပြီးခဲ့သည့်နှစ်က ၁ ဒသမ ၄ ရာခိုင်နှုန်း မြင့်တက်လာပြီး ၇၁၂ ဒသမ ၆ ဦး ရှိခဲ့သည်။
အသက် ၈၀ နှင့်အထက်ရှိသူများသည် ပြီးခဲ့သည့်နှစ်က စုစုပေါင်းသေဆုံးမှု၏ ၅၄ ဒသမ ၇ ရာခိုင်နှုန်း ရှိခဲ့ပြီး ဆယ်စုနှစ်တစ်ခုနှင့် နှိုင်းယှဉ်ပါက ၁၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို

No comments