အာဖဂန်နစ္စတန်နိုင်ငံ၌ ပိုလီယိုရောဂါကူးစက်ခံရသူ ခုနစ်ဦးထပ်မံ တွေ့ရှိ၊ ယခုနှစ်တွင် စုစုပေါင်း ၃၂ ဦးအထိ ရှိလာ



စက်တင်ဘာ ၂၄

အာဖဂန်နစ္စတန်တောင်ပိုင်းနှင့် မြောက်ပိုင်းတွင် တောရိုင်းပိုလီယိုဗိုင်းရပ်စ်အမျိုးအစား ၁ (WPV1) ကူးစက်ခံရသူခုနစ်ဦး ထပ်မံတွေ့ရှိခဲ့ရာ ၂၀၂၆ ခုနှစ်တွင် စုစုပေါင်း ၃၂ ဦးအထိ ရှိလာကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ထုတ်ပြန်ချက်ကို ကိုးကား၍ ဒေသခံမီဒီယာ TOLOnews က ဖော်ပြခဲ့သည်။

အဆိုပါရောဂါကူးစက်ခံရသူလေးဦးကို ကန်ဒါဟာပြည်နယ် ပန်ဂျွိုင်းခရိုင်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး နှစ်ဦးကို တောင်ပိုင်းရှိ ဟယ်လ်မန်းပြည်နယ် နာအီဆာရာ့ဂျ်နှင့် ကာဂျာကီခရိုင်များတွင် တွေ့ရှိခဲ့ကာ တစ်ခုကို မြောက်ပိုင်းရှိ ဘာဂလန်ပြည်နယ် ဘာဂလာနီဂျာဒစ်ခရိုင်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးငယ်များကို အကြောသေစေနိုင်သော ပိုလီယိုရောဂါ အမြစ်ပြတ်ပျောက်ကင်းရေးအတွက် အာဖဂန်ကျန်းမာရေးအာဏာပိုင်များသည် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။

 ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လေးရက်ကြာ ပိုလီယိုကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို စက်တင်ဘာ  ၂၁ ရက်ကစတင်ကာ  အသက် ငါးနှစ်အောက် ကလေးငယ် ၁၂ ဒသမ ၇ သန်းကျော်ကို ပိုလီယိုကာကွယ်ဆေး ထိုးပေးရန်ရည်ရွယ်ထားကြောင်း ဖော်ပြထားသည်။

 ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)  ၏အချက်အလက်များအရ အာဖဂန်နစ္စတန်နိုင်ငံတွင်  ၂၀၂၅ ခုနှစ်အတွင်း တောရိုင်းပိုလီယိုဗိုင်းရပ်စ်အမျိုးအစား ၁ (WPV1) ကူးစက်ခံရသူ ၂၁ ဦး ရှိသည်ဟု သိရသည်။

နောက်ဆုံးရရှိထားသော ကိန်းဂဏန်များက အာဖဂန်နိုင်ငံတွင်  ပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို အပြီးတိုင် ရပ်တန့်နိုင်ရန် ဆက်လက်ခက်ခဲနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

မကြာသေးမီက ကူးစက်မှုအရေအတွက် မြင့်တက်လာရခြင်းသည် အဓိကအားဖြင့် တောရိုင်းပိုလီယိုဗိုင်းရပ်စ်ကူးစက်မှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် အိမ်နီးချင်းပါကစ္စတန်မှ အာဖဂန်ဒုက္ခသည်များ အများအပြားပြန်လာခြင်းကြောင့်ဟု အာဖဂန်အာဏာပိုင်များက ယူဆကြသည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်နိုင်ငံတို့သည် ကမ္ဘာပေါ်တွင် တောရိုင်းပိုလီယိုဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည့် နိုင်ငံအနည်းငယ်တွင် ပါဝင်နေဆဲဖြစ်သည်ဟုသိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.