အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ခွေးရူးရောဂါအကြောင်းသိကောင်းစရာ ပညာပေးဟောပြော

 


ဟားခါး စက်တင်ဘာ ၂၈

 

အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် “ခွေးရူးရောဂါအကြောင်းသိကောင်းစရာ” ပညာပေးဟောပြောခြင်းနှင့် ခွေး၊ ကြောင်များအား ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ပညာပေးဟောပြောပွဲအပြင် ခွေးနှင့် ကြောင်များကိုလည်း ခွေးရူးရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ အကြိမ်(၂၀)မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့၏ “လက်တွဲညီညီပူးပေါင်းလို့ ခွေးရူးရောဂါတိုက်ဖျက်စို့” ဆောင်ပုဒ်အတိုင်း ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်ဆောင်ရွက်သွားရန် တိုက်တွန်းကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားသည်။

 

ထို့နောက် ချင်းပြည်နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါက်တာ သိန်းလွင်က ခွေးရူးရောဂါအကြောင်း သိကောင်းစရာ ခေါင်းစဉ်နှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများအကြောင်း သိကောင်းစရာ ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောသည်။

 

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ ပေးနေမှုနှင့် ကျောင်းသား ကျောင်းသူများကို အာဟာရ ကျွေးမွေးနေမှုကို ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)

No comments

Powered by Blogger.