ဂျပန်နိုင်ငံနာဟာလေဆိပ်သို့ အင်ဂျင်သတိပေးချက်ကြောင့် လေယာဉ် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရ



စက်တင်ဘာ ၂၄

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါစီရင်စုရှိ နာဟာလေဆိပ်သို့ All Nippon Airways (ANA) မှ ပြေးဆွဲသော ခရီးသည်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ ဒေသစံတော်ချိန် ည ၁၀ နာရီကျော်တွင် အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရပြီး လေယာဉ်ပြေးလမ်းနှင့် လေဆိပ်အဆောက်အအုံကြား သွားရာလမ်း ကြောင်းပေါ်တွင် ရပ်တန့်သွားပြီးနောက် ခရီးသည်များကို အရေးပေါ်ထွက်ပေါက်လျှောများဖြင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသခံမီဒီယာများက ဖော်ပြခဲ့သည်။

အဆိုပါလေယာဉ်သည် ည ၉ နာရီခန့်က နာဟာလေဆိပ်မှ ဆာဂါစီရင်စုရှိ ဆာဂါလေဆိပ်သို့ ဦးတည်ပျံသန်းခဲ့သော်လည်း အင်ဂျင်ဆီအပူချိန် အလွန်မြင့်မားနေကြောင်း သတိပေးချက်တစ်ခုကြောင့် ပြန်လည်ဆင်းသက်ခဲ့ရသည်ဟု အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြခဲ့သည်။

ယခုအချိန်အထိ ထိခိုက်ဒဏ်ရာရရှိသူ မရှိသေးကြောင်းနှင့် All Nippon Airways နှင့် အခြားအာဏာပိုင်များသည် ထိုဖြစ်ရပ်နှင့်ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.