ကမ္ဘောဒီးယားနိုင်ငံ၌ အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးညီလာခံ လက်ခံကျင်းပ



စက်တင်ဘာ ၂၅

 ကမ္ဘောဒီးယားနိုင်ငံတွင်  အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ တားဆီးနှိမ်နင်းရန်နည်းလမ်းများနှင့် ပတ်သက်သည့် ညီလာခံတစ်ရပ်ကို ကျင်းပလျက်ရှိရာ ကမ္ဘာတစ်ဝန်းမှ တာဝန်ရှိသူများ တက်ရောက်စုဝေးခဲ့ကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားကို ဖနွမ်းပင်တွင် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး နိုင်ငံပေါင်း ၃၀ ကျော်နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်က လိမ်လည်မှုစခန်းများကို အမြစ်ဖြတ်ဖယ်ရှားရန် အစိုးရက အခိုင်အမာ ကတိပြုထားကြောင်း အလေးပေးပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံသည် အွန်လိုင်းလိမ်လည်မှုများအတွက် ဘေးကင်းခိုလှုံရာတစ်ခု ဖြစ်လာမည် မဟုတ်ကြောင်းနှင့် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုသည် COVID-19 ကပ်ရောဂါပြီးနောက် မကြာသေးမီကပေါ်ပေါက်ခဲ့သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး နိုင်ငံ၏အမျိုးသားယဉ်ကျေးမှု၊ တန်ဖိုးထားမှုနှင့် အမျိုးသားရေးလက္ခဏာတို့နှင့်လုံးဝ မသက်ဆိုင်သောအရာတစ်ခုဖြစ်ကြောင်း မာနက်က ပြောကြားခဲ့သည်။

အွန်လိုင်းလိမ်လည်မှုများကိုတိုက်ဖျက်ရာတွင် အစိုးရများအကြား ပူးပေါင်းဆောင်ရွက်မှုသာမက ငွေကြေးအဖွဲ့အစည်းများအပါအဝင် ပုဂ္ဂလိကကဏ္ဍမိတ်ဖက်များနှင့်ပါ ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု လိုအပ်ကြောင်း ဂျပန်အမျိုးသားရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ညီလာခံတွင် ပြောကြားခဲ့သည်။

ယခုသီတင်းပတ်အစောပိုင်းတွင် ကမ္ဘောဒီးယားအာဏာပိုင်များက ယခင်က လိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်ခဲ့သည့် စခန်းများအတွင်းသို့ သတင်းထောက်များကို ဝင်ရောက်ကြည့်ရှုခွင့် ပြုခဲ့သည်။ ၎င်းတို့၏ ပြောကြားချက်အရ ပြီးခဲ့သည့်နှစ် ဇူလိုင်လမှစ၍ နိုင်ငံတစ်ဝန်းတွင် ထိုကဲ့သို့သော စခန်းပေါင်း ၆၀၀ ကျော်ကို ပိတ်သိမ်းခဲ့ပြီးဖြစ်သည်ဟု သိရသည်။

 သို့ရာတွင် AI ကဲ့သို့သော နည်းပညာအသစ်များသည် လိမ်လည်မှုများကို ပိုမိုခေတ်မီရှုပ်ထွေးစေပြီး ဖော်ထုတ်တားဆီးရန်လည်း ပိုမိုခက်ခဲလာစေကြောင်း ဖော်ပြထားသည်။

ကိုးကား- အင်န်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.