ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲကျင်းပ
ဖလမ်း စက်တင်ဘာ ၂၈
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပုံပြင်ပြောနှင့် ကဗျာ ရွတ်ဆိုပြိုင်ပွဲ ဆုပေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ချင်းပြည်နယ် ဖလမ်းမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။
ဆုပေးပွဲတွင် “နိုင်ငံတော် ဖွံ့ဖြိုးဖို့ပညာရေးကို အားပေးစို့”ဟူသောဆောင်ပုဒ်နှင့်အညီ စဉ်းစား တွေးခေါ်မှု၊ ဆန်းသစ်တီထွင်မှုကို အားပေးသော သင်ကြားသင်ယူမှု ပုံစံဖြင့် အသိပညာ၊ အတတ်ပညာ ပြည့်စုံသော ပညာတတ်များ ပေါများရေး နိုင်ငံတော်က မျှော်မှန်းချက်ထား ဆောင်ရွက်လျက်ရှိ ကြောင်း၊ ဖလမ်းမြို့နယ်တွင် စာသင်ကျောင်း ၁၂၁ ကျောင်းဖွင့်လှစ်ပြီး ဆရာ ဆရာမ ဦးရေ ၂၇၇ ဦး၊ ပညာ သင်ယူနေသည့် ကျောင်းသား ကျောင်းသူဦးရေ ၅၇၆၉ ဦး ရှိကြောင်း၊ ပညာသင်ယူရမည့် အရွယ်အားလုံး ပညာသင်ယူနိုင်ရေးအတွက် နိုင်ငံတော်က အလေး ထားဆောင်ရွက်လျက်ရှိကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ သန့်ဇော်လွင်က အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
ဆက်လက်၍ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများက ပြန်လည်တင်ဆက် ဖျော်ဖြေကြပြီး အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းထက်ဆင့်နှင့် မူလတန်း အောက်ဆင့် ပုံပြောနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား ဒုတိယဝန်ကြီး၊ ပြည်နယ်ဝန်ကြီးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ထို့ပြင် ဖလမ်းမြို့ ယာယီပြည်သူ့ ဆေးရုံသို့ သွားရောက်၍ ဒုတိယဝန်ကြီးက ဆေးရုံအတွက် အလှူငွေပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်က လက်ခံရယူကာ ဆေးရုံ တက်ရောက် ဆေးကုသမှုခံယူနေသူများအား အာဟာရဘူးများ ပေးအပ်လှူဒါန်းကြပြီး ဖလမ်းမြို့ အသဲကွဲတောင်ခြေရှိ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း MPT တာဝါတိုင်နှင့် စက်များထားရှိမှု၊ အသဲကွဲတောင်ထိပ်ရှိ View Point သာယာလှပရေးနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments