စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား၊ လေးကျွန်းမာန်အောင်ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှစေတီတို့တွင် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်




မန္တလေး စက်တင်ဘာ ၁၄

စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင် ဘုရား၊ လေးကျွန်းမာန်အောင် ဘုရား၊ မရှိခဏဘုရားနှင့် စေတီလှစေတီတို့တွင် ပြုပြင်ထိန်းသိမ်း ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယနေ့နံနက်ပိုင်းတွင် ယဉ်ကျေးမှု၊ ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသွားရောက်ကြည့်ရှု စစ်ဆေးသည်။


ကြည့်ရှုစဉ် ရှေးဟောင်းသမိုင်း ဝင်ဘုရားများကို ပြန်လည်ပြုပြင်ရာတွင် ရှေးမူမပျက်ပြုပြင် သွားရန်၊ အရည်အသွေးပြည့်မီသည့် ဆောက်လုပ်ရေးပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ မိုးရေစိမ့်ဝင်ခြင်း မရှိအောင် ဂရုပြုဆောင်ရွက်သွားရန်နှင့် ငလျင်အပါအဝင် သဘာဝဘေးအန္တရာယ်များပါကာကွယ်နိုင်ရန် ထည့်သွင်း စဉ်းစားတွက်ချက်၍ (SOP) လုပ်ထုံးလုပ်နည်းများအတိုင်း အရည်အသွေး ပြည့်မီအောင် ပြုပြင်သွားရန် မှာကြားသည်။


မွန်းလွဲပိုင်းတွင် အမရပူရမြို့နယ်ရှိ ဗားကရာကျောင်း၊ ဆင်ကြိုရွှေကူဘုရားနှင့် မဟာမင်းထင် သစ်သားဘုန်းတော်ကြီးကျောင်း ပြန်လည်ပြုပြင်ထိန်းသိမ်း နေမှုလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ လုပ်ငန်းပိုင်းဆိုင်ရာ တင်ပြချက်များအပေါ်ဖြည့်ဆည်းဆောင်ရွက်ပေးသည်။


ယမန်နေ့ကလည်း မန္တလေးတိုင်းဒေသကြီးရှိ မန္တလေးနန်းမြို့ရိုး၊ သူရဲခို၊ မီးတား၊ ပြအိုးနှင့် ပြာသာဒ်များ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုက်နာဆောင်ရွက်ရမည့်(SOP)အတိုင်း အရည်အသွေး ပြည့်မီအောင်ပြုပြင်သွားရန်နှင့် နန်းမြို့ရိုး တစ်လျှောက်တွင် ရေဝပ်ဧရိယာများနှင့် စိုထိုင်းဆဖြစ်နေသော အကြောင်းအရင်းများကို စနစ်တကျ Survey ပြုလုပ်၍ ကွင်းဆင်းဆောင်ရွက်သွားရန်မှာကြားသည်။


ထို့ပြင် ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ပဟိုရ်စင်နှင့် စွယ်တော်စင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်းများနှင့် တံခါးနီတံခါးတူးဖော်သုတေသနပြုထားသည့် နေရာတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.