မွန်ပြည်နယ်၌ ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးအတွက် ချောင်း၊ မြောင်းများ ရှင်းလင်း
မော်လမြိုင် စက်တင်ဘာ ၂၈
မွန်ပြည်နယ်အတွင်းရှိ ကမ်းရိုး တန်းဒေသများနှင့် ထိစပ်လျက်ရှိသည့် ရေးမြို့နယ်၊ သံဖြူဇရပ် မြို့နယ်၊ မုဒုံမြို့နယ်၊ မော်လမြိုင် မြို့နယ်၊ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထို မြို့နယ်တို့တွင် လေဖိအားနည်း ရပ်ဝန်းကြောင့် ဒေသအတွင်း မိုးများ ရွာသွန်းလျက်ရှိမှုအပေါ် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်၊ ကျေးရွာများတွင် မုန်တိုင်း သတိပေးချက်များ နှိုးဆော်ခြင်း၊ သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများက ရပ်ကွက်အလိုက် ချောင်းများ၊ ရေမြောင်းများ ပိတ်ဆို့မှုမဖြစ်ပေါ် စေရေးအတွက် အမှိုက်သရိုက်များ ဆယ်ယူခြင်း၊ ချုံနွယ်ပေါင်းမြက်များ ရှင်းလင်းခြင်းနှင့် ရေမြောင်းများ တူးဖော်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။
ကြည့်ရှုစစ်ဆေး
အဆိုပါ ဆောင်ရွက်လျက်ရှိရာ ယနေ့ညနေပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက မော်လမြိုင်မြို့ ပန်းဘဲတန်းရပ်ကွက်သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ကမ်းနားလမ်း တစ်လျှောက် သံလွင်မြစ်ရေ တက်မှုအခြေအနေကို ကြည့်ရှု စစ်ဆေးပြီး မုပွန်ရပ်ကွက် နတ်ကျွန်းချောင်း အတွင်းရှိ ချုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေလမ်းကြောင်း ပိတ်ဆို့နေသည့်အမှိုက်များ ဆယ်ယူ ရှင်းလင်းနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ မိုးသည်းထန် စွာရွာသွန်းပါက ရေဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် လိုအပ်သည့် ကြိုတင် ပြင်ဆင်မှုများကို အချိန်နှင့် တစ်ပြေးညီ ဆက်လက်ဆောင်ရွက် သွားကြရန် သက်ဆိုင်ရာ တာဝန် ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments