ရန်ကုန်မြို့၌ ၅ ကီလိုမီတာ ဗစ်ဆစ် ဘာရတ် အပြေးပြိုင်ပွဲ ကျင်းပ

 


ရန်ကုန်   စက်တင်ဘာ   ၂၇

အိန္ဒိယလူမှုအသိုက်အဝန်းအဖွဲ့အစည်းများ၏ ပံ့ပိုးကူညီမှုဖြင့် ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးက ကြီးမှူး၍ ၅ ကီလို မီတာ   အပြေးပြိုင်ပွဲဖြစ်သည့်  ဗစ်ဆစ် ဘာရတ် အပြေးပြိုင်ပွဲ   (Viksit  Bharat Run - 2026) ကို  ယနေ့နံနက် ၆ နာရီက ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည်။

အဆိုပါ  အပြေးပြိုင်ပွဲကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး   မစ္စတာ  အဘေး သာကူးနှင့် ရန်ကုန်တိုင်းဒေသကြီး သယံဇာတနှင့်  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစိုးဦးတို့က  ပြေးပွဲစတင်ရန် အလံများ အချက်ပြဖွင့်လှစ်ပေးပြီး ပြိုင်ပွဲဝင်များက ပြည်သူ့ရင်ပြင်မှ  စတင်ထွက်ခွာပြီး   ပြေးလမ်းတစ်လျှောက်တွင် ရွှေတိဂုံစေတီတော်၊  မြို့တော်ခန်းမနှင့် ကန်တော်ကြီး စသည့် နေရာများကို ဖြတ်သန်း၍ ပြိုင်ပွဲဝင်ကြသည်။

မြန်မာနိုင်ငံမှ ကြံ့ခိုင်ရေးနှင့် အားကစားကို  ဝါသနာပါသူများ၊ လူငယ်များ၊ အိန္ဒိယနိုင်ငံ၏ မိတ်ဆွေများ၊ အိန္ဒိယနွယ်ဖွား များ၊ Swami Vivekanand ယဉ်ကျေးမှုစင်တာ (SVCC) မှ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့် အိန္ဒိယသံရုံးမှ  တာဝန်ရှိသူများအပါအဝင်  ပါဝင်ယှဉ်ပြိုင်သူ ၅၀၀ နီးပါးခန့်  အဆိုပါပြိုင်ပွဲကို  ပါဝင်ဆင်နွှဲခဲ့ကြပြီး  ပထမဆုရရှိသော အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲဝင်များအား တာဝန်ရှိသူများက  ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဗစ်ဆစ် ဘာရတ်အပြေးပြိုင်ပွဲသည် “နိုင်ငံတော်ကို အကျိုးပြုရန်အတွက် ပြေးကြစို့” (Run to Serve  the Nation)ဟူသော ဆောင်ပုဒ်ဖြင့် ကမ္ဘာတစ်ဝန်း ကျင်းပပြုလုပ်သည့် လူထုလှုပ်ရှားမှု အစီအစဉ်တစ်ခုဖြစ်ပြီး အိန္ဒိယအစိုးရ လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနက စတင်ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၏ ပံ့ပိုးကူညီမှုဖြင့်  သက်ဆိုင်ရာ  အိန္ဒိယသံရုံးများနှင့် သံတမန်ရုံးများက ပြည်ပနိုင်ငံများတွင် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ ၁၉၄၇ ခုနှစ် အိန္ဒိယနိုင်ငံ  လွတ်လပ်ရေးရရှိပြီးနောက် နှစ်(၁၀၀) ပြည့်မြောက်မည့် ၂၀၄၇  ခုနှစ်တွင် ဖွံ့ဖြိုးတိုးတက်သော အိန္ဒိယနိုင်ငံဖြစ်လာစေရန် ရည်မှန်းချက်ကို ချိတ်ဆက်ဆောင်ရွက်ရန်နှင့် အိန္ဒိယလူမျိုးများ၊ အိန္ဒိယ နွယ်ဖွားများအားလုံး စုစည်းမိစေရန် (Seva Pakhwada - စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၂ ရက်အထိ) ယင်းပြိုင်ပွဲကို ကျင်းပခြင်းဖြစ်ကြောင်း  အိန္ဒိယသံရုံးမှ  သိရသည်။                        

ကိုထက်

No comments

Powered by Blogger.