မကွေးမြို့ သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး၌ (ပဉ္စမအကြိမ်)အခမဲ့ မျက်စိခွဲစိတ်ကုသမှုခံယူနေသော လူနာများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အလှူငွေပေးအပ်လှူဒါန်း


မကွေး စက်တင်ဘာ ၃


မကွေးတိုင်းဒေသကြီးအတွင်းရှိ အမြင်အာရုံချိုတဲ့နေသော မိဘပြည်သူများအား အလင်းပြန်လည်ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးရှိသော အစိုးရအဖွဲ့ဝင် ဝန်ကြီးတို့က သီတဂူမြင့်မိုရ်စံ စက္ခုဒါန ဆေးရုံကြီး၌(ပဉ္စမအကြိမ်)အခမဲ့မျက်စိ ခွဲစိတ်ကုသမှု ခံယူနေသော လူနာများအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြို့ မဟာဝိသုတာရာမကျောင်းတိုက်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီး၌ ကျင်းပသည်။


ဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်ကိုကိုနှင့် တာဝန်ရှိသူများက သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီး (ပဉ္စမအကြိမ်)၌ အခမဲ့မျက်စိခွဲစိတ် ကုသမှု ခံယူနေသော လူနာများအတွက် အလှူငွေကျပ်သိန်း ၃၀ ကို ပေးအပ် လှူဒါန်းသည်။


ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် သီတဂူမြင့်မိုရ်စံစက္ခုဒါန ဆေးရုံကြီးအတွင်း သီတဂူအထူးကု ဆရာဝန်ကြီးများ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံကြီးမှ ပါရဂူများနှင့် အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက ခေတ်မီ စက်ကိရိယာများဖြင့် မျက်စိဝေဒနာရှင်များအား စနစ်တကျစမ်းသပ်စစ်ဆေး ပေးနေမှု၊ ခွဲစိတ်ခန်းအတွင်း မျက်စိခွဲစိတ် ကုသပေးနေမှုနှင့် ခွဲစိတ်ပြီး မျက်စိဝေဒနာရှင်များအား ဆေးဝါးကုသစောင့်ရှောက် ထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှု၍ မျက်စိဝေဒနာရှင်များအတွက် မျက်မှန်၊ မျက်စဉ်း၊ ဆေးဝါး၊ အာဟာရ ဖြည့်စွက်စာများနှင့် ပံ့ပိုးငွေကျပ် စုစု‌ပေါင်း ၂၅ သိန်းကို ပေးအပ်ကာ မျက်စိ ဝေဒနာရှင်ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ အားပေးစကားများ ပြောကြားသည်။


အဆိုပါ မကွေးမြို့ သီတဂူမြင့်မိုရ်စံ စက္ခုဒါနဆေးရုံကြီးတွင် ပဉ္စမအကြိမ်အဖြစ် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ လာရောက်ပြသကြသော မျက်စိဝေဒနာရှင်စုစုပေါင်း ၁၆၀၀ ကျော်ကို စမ်းသပ်စစ်ဆေးခဲ့ပြီး မျက်စိအတွင်းတိမ်နှင့် ရေတိမ်ဝေဒနာရှင်တို့အား သီတဂူ အထူးကုဆရာဝန်ကြီးများက ဩဂုတ် ၂၉ ရက်မှ စက်တင်ဘာ ၅ ရက် အထိ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကာ မျက်စိဝေဒနာရှင်များနှင့် လူနာစောင့်များအားလုံး၏ နေထိုင် စားသောက်ရေးအတွက် သီတဂူ သာသနာပြုအဖွဲ့နှင့် အလှူရှင်များက အခမဲ့ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။


မောင်ခိုင်မင်း (ပြန်/ဆက်)

No comments

Powered by Blogger.