ထိုင်းနိုင်ငံအနီး ပင်လယ်ပြင်တွင် ငါးဖမ်းလှေတိမ်းမှောက်သဖြင့် သုံးဦးသေဆုံး၊ လေးဦးပျောက်ဆုံး



စက်တင်ဘာ ၂၂

 ထိုင်းနိုင်ငံ ချွန်ဘူရီပြည်နယ်အနီး ပင်လယ်ပြင်တွင် ထိုင်းငါးဖမ်းလှေတစ်စင်း တိမ်းမှောက်ခဲ့ရာ လူ သုံးဦး သေဆုံးပြီး အခြား လေးဦး ပျောက်ဆုံးလျက်ရှိကြောင်း ယနေ့တွင် ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။

လူ ၂၂ ဦးတင်ဆောင်လာသော ထိုလှေသည် ပြင်းထန်သောမုန်တိုင်းများကြားတွင် ယမန်နေ့နှောင်းပိုင်းက တိမ်းမှောက်သွားခဲ့သည်။ တော်ဝင်ထိုင်းရေတပ်သည် ယနေ့အစောပိုင်းတွင် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းစတင်ခဲ့သည်ဟု နိုင်ငံပိုင် နေ့စဉ်သတင်းစာ Matichon ၏ ဖော်ပြချက်အရ သိရသည်။

ယခုအချိန်အထိ လူ ၁၅ ဦးကို ကယ်တင်နိုင်ခဲ့ပြီး သုံးဦးသေဆုံးကြောင်း အတည်ပြုကာ လေးဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါလှေသည် ပင်လယ်ကြမ်းပြင်သို့ နစ်မြုပ်သွားခဲ့ကြောင်း၊ တော်ဝင်ထိုင်းရေတပ်နှင့် ဒေသခံငါးဖမ်းလှေများသည် ပျောက်ဆုံးနေသူများ ရှာဖွေရေးလုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို

No comments

Powered by Blogger.